
ရှမ်းပြည်နယ်ရဲ့မြို့တော် တောင်ကြီး၊ ရတနာသီရိရပ်ကွက်၊ ဝင်္ကပါရေထွက်မှာ ရေချိုးရင်းကနေ ကိုရင် ၂ ပါး ရေနစ်ပြီး ပျံလွန်တော်မူသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ကိုရင် ၂ ပါးကို ညလုံးပေါက်ရှာဖွေပေမဲ့ မတွေ့ရဘဲ မနက် ၃ နာရီကျော်မှ အမျိုးသားရေချိုးခန်းနေရာနားမှာ ပြန်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
မြို့ခံတယောက်က "မိုးရွာပြီဆိုရင်တော့ ကလေးတွေကို ဂရုတော်တော်စိုက်ရမှာပေါ့နော်။ ရေထဲပါတာက နှစ်တိုင်းလိုလိုမျိုး ဖြစ်နေတာလေ။ တခါတလေ ကလေးမပြောနဲ့ လူကြီးတွေတောင်မှ ရေစီးသန်ရင် မသွားရဲဘူးလေ” လို့ ပြောပါတယ်။
အဆိုပါ ကိုရင် ၂ ပါးဟာ ပင်လောင်းနဲ့ ဆီဆိုင်ကဖြစ်ပြီး ဘေးလည်းကင်းပြီး ပညာလည်းရစေဖို့အတွက် ဘုန်းကြီးကျောင်းမှာပို့ထားရင်းကနေ အခုလိုဖြစ်ခဲ့တာလို့ သိရပါတယ်။
ရတနာသီရိကန်က ရေတက်ရင် ဝါးလုံးတလုံးစာလောက်နက်တာကြောင့် မိုးရာသီရေတက်ချိန်တွေမှာ ရေသွားကူးဖို့မသင့်ဘဲ မိဘတွေအနေနဲ့လည်း နောက်ဒီလိုအဖြစ်မျိုး မဖြစ်အောင် ကလေးတွေကို အသိပေးသင့်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဓာတ်ပုံ-လူမှုကွန်ရက်