Home
မြန်မာသတင်း
ILO ဆုံးဖြတ်ချက်ကို အဖွဲ့ဝင်နိုင်ငံများ လိုက်နာမှုရှိမရှိ စောင့်ကြည့်ဖော်ထုတ်မည်
DVB
·
June 6, 2025

ILO ရဲ့ ဆုံးဖြတ်ချက်နဲ့ တိုက်တွန်းချက်တွေကို အဖွဲ့ဝင်နိုင်ငံတွေနဲ့ စစ်ကောင်စီတို့ လိုက်နာမှုရှိမရှိ စောင့်ကြည့်ဖော်ထုတ်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီးက ပြောပါတယ်။

ဇွန် ၅ ရက်နေ့ ၁၁၃ ကြိမ်မြောက် ညီလာခံမှာ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) က သူတို့ရဲ့ အပြင်းထန်ဆုံးပုဒ်မဖြစ်တဲ့ Article 33 နဲ့ စစ်ကောင်စီကို အရေးယူဖို့ ဆုံးဖြတ်ချက်ချခဲ့တာပါ။

မြန်မာနိုင်ငံ အလုပ်သမားတပ်ပေါင်းစု (MLA) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က ILO ကနေ ဒီဆုံးဖြတ်ချက်ထွက်လာဖို့ အဆင့်ဆင့် ကြိုးစားဆောင်ရွက်ခဲ့ရတာ ဖြစ်ပါတယ်။ စစ်ကောင်စီကို အဘက်ဘက်ကနေ ပိတ်ဆို့အရေးယူနိုင်ဖို့ ကြိုးစားနေရာမှာ အခုဆုံးဖြတ်ချက်ဟာ စစ်ကောင်စီအပေါ် ထိရောက်တဲ့ ထိုးနှက်မှုတခု ဖြစ်လာပါတယ်။

NUG အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီက “တိုက်တွန်းချက်တွေကို မလိုက်နာလို့ အရေးယူတဲ့ ဆုံးဖြတ်ချက် ချမှတ်တာပေါ့နော်။ ၂၀၀၀ ပြည့်နှစ်တုန်းကလည်း မြန်မာပြည်နဲ့ စီးပွားရေးဆက်ဆံမှုတွေ ပြန်လည်သုံးသပ်ဖို့ဆိုတဲ့ ဆုံးဖြတ်ချက် Article 33 နဲ့ အရေးယူခံရဖူးတယ်။ မြန်မာပြည်ကနေပြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်လည်ထွက်ခွာသွားတာမျိုးတွေ၊ မြန်မာပြည်မှာ ထပ်ပြီးတော့ လာရောက်ရင်းနှီးမြှုပ်နှံမှု မလုပ်တာမျိုးတွေ ကြုံခဲ့ရတာမျိုးတွေလည်း ရှိပါတယ်။ ဒီလို ဆုံးဖြတ်ချက် ချမှတ်ခံရလို့ရှိရင် ဒီလိုမျိုးတွေ ကြုံရတတ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို အဖွဲ့ဝင်နိုင်ငံတွေက လိုက်နာမှုရှိမရှိ၊ စကစအနေနဲ့ ဒီဆုံးဖြတ်ချက်မတိုင်ခင် အရှေ့ပိုင်းမှာ တိုက်တွန်းချက်တွေ ရှိတယ်။ ဒီတိုက်တွန်းချက်တွေကို ဆက်ပြီးတော့ လိုက်နာမှုရှိမရှိ၊ ILO အဖွဲ့ဝင် နိုင်ငံတွေကလည်း စကစကို ဒီဆုံးဖြတ်ချက်အတိုင်း အရေးယူမှုရှိမရှိ၊ အရေးမယူဘဲနဲ့ ပူးပေါင်းဆောင်ရွက်တယ်ဟေ့ ဆိုလို့ရှိရင်လည်း ပူးပေါင်းဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံတွေ၊ စီးပွားရေးလုပ်ငန်းတွေကို ကျနော်တို့အနေနဲ့ စောင့်ကြည့်ပြီးတော့ ဖော်ထုတ်သွားရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်မှသာလျှင် စကစကို အရေးယူတဲ့ဟာက အမှန်တကယ် ထိရောက်ပြီးတော့ မြန်မာပြည်က ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်ရောက်လာမယ်လို့ မြင်ပါတယ်” လို့ ပြောပါတယ်။

ILO က စစ်ကောင်စီကို အရေးယူတာနဲ့ပတ်သက်ပြီး ညီလာခံမှာ ရုရှား၊ တရုတ်၊ ဘီလာရုစ်၊ ပိုလန်နဲ့ လာအိုတို့က မထောက်ခံခဲ့ဘူးလို့ သိရပါတယ်။

စစ်ကောင်စီ အမြန်ပြုတ်ကျရေး ခြေလှမ်းမှာ အသာစီးရခဲ့ပေမဲ့ လတ်တလော ပြည်တွင်းလုပ်ငန်းတွေမှာ အကျပ်အတည်းဖြစ်နေတဲ့ အခြေခံလုပ်သားတွေအတွက်ကတော့ စားဝတ်နေရေး ပိုပြီး အခက်အခဲတွေ့လာမယ့် အခြေအနေတွေ ရှိနေပါတယ်။

Progressive Labour Community က စိုင်းယုမောင်က “ဂုဏ်သိက္ခာရှိတဲ့ လုပ်ငန်းရှင်တွေက ဒီလို အရေးယူတဲ့ အခြေအနေမျိုးတွေမှာ သူတို့ထွက်မှာပဲ။ သူတို့ထွက်သွားပြီဆိုရင် နောက်ဆုံး တရုတ်တွေပဲ ကျန်ခဲ့မှာ။ တရုတ်နိုင်ငံသား ပိုင်ရှင်တွေပဲ ကျန်ခဲ့မှာဆိုတော့ ခေါင်းပုံဖြတ်မှုတွေ ပိုများလာမယ်၊ အလုပ်သမားတွေအတွက်လည်း ပိုပြီးတော့ အခွင့်အလမ်းနည်းလာမယ်။ အခြေခံအလုပ်သမားတွေ ထိခိုက်မှာပေါ့၊ စက်ရုံတွေ ပိတ်သွားရင်တော့ အလုပ်လက်မဲ့ ဖြစ်လာလေလေ သူတို့အတွက် ဆိုးကျိုးဖြစ်လာလေလေပဲ။ စစ်ကောင်စီတွေ စစ်အာဏာရှင်တွေကတော့ ထိခိုက်တာတော့ ထိခိုက်တာပဲ၊ ဒါပေမဲ့ ဘယ်သူပဲနစ်နာနစ်နာ သူတို့ကတော့ အဆင်ပြေသလိုပဲ နေနေကြတာပေါ့။ ဘယ်လောက်ပဲ သူတို့ကို ပိတ်ဆို့ပိတ်ဆို့ လုံးဝကို ဂရုမစိုက်ဘဲနဲ့ သူတို့အာဏာတည်မြဲရေးကိစ္စကိုပဲ သူတို့လုပ်နေတာ” လို့ ပြောပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်မှာ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်နဲ့ စည်းရုံးခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက် အမှတ် ၈၇၊ အဓမ္မခိုင်းစေမှုဆိုင်ရာ ပြဋ္ဌာန်းချက် အမှတ် ၂၉ တို့ကို မြန်မာနိုင်ငံက ချိုးဖောက်နေတယ်ဆိုတဲ့ အချက်တွေကို ILO က စုံစမ်းတွေ့ရှိခဲ့တာကြောင့် Article 33 အရ အပြစ်ပေး အရေးယူဖို့ ဖြစ်လာတာပါ။

Article 33 အရ အရေးယူမယ်ဆိုရင် အရင်ကျင့်သုံးခဲ့တဲ့ မူတွေအရ ILO အဖွဲ့ဝင် နိုင်ငံတွေကနေ အလုံးစုံပိတ်ဆို့တာ၊ စစ်ကောင်စီကို အစိုးရတရပ် အနေနဲ့ အသိအမှတ်မပြုတာမျိုး ထပ်ဖြစ်လာဖို့ ရှိနေတယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ အခြေစိုက်တဲ့ ILO မှာ အဖွဲ့ဝင်နိုင်ငံ ၁၈၅ နိုင်ငံအထိရှိပြီး စစ်ကောင်စီဟာ အဲဒီနိုင်ငံတွေနဲ့ စီးပွားရေးနဲ့ ဆက်စပ်လုပ်ငန်းတွေ လုပ်ကိုင်ရာမှာ အခက်အခဲ ကြုံရတော့မှာ ဖြစ်ပါတယ်။

စစ်ကောင်စီသြဇာခံ အလုပ်သမားဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံအပေါ် ILO က အရေးယူမယ့် ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ စိုးရိမ်စရာမရှိဘူးလို့ ထုတ်ပြန်ပါတယ်။

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024