
၂၀၂၅ ခုနှစ် မေ ၁ ရက်ကနေ ၃၁ ရက်အထိ တလအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုတွေကြောင့် နိုင်ငံတဝန်း အမျိုးသမီး ၉၂ ယောက် သေဆုံးခဲ့ပြီး ၈၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ဇွန် ၆ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အမျိုးသမီးတွေ သေဆုံးခဲ့ရတဲ့ အကြောင်းအရင်းတွေမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ၈၁ ယောက်၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၄ ယောက်၊ သတ်ဖြတ်မှုကြောင့် ၄ ယောက်၊ ထောင်တွင်းဆေးဝါးကုသမှု မရရှိတာကြောင့် တယောက်နဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြောင့် ၂ ယောက် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
သေဆုံးခဲ့ရတဲ့ အမျိုးသမီးတွေထဲက ၂၉ ယောက်ဟာ အသက်မပြည့်သေးတဲ့ ၁၈ နှစ်အောက် ကလေးငယ်တွေ ဖြစ်တယ်လို့ BWU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အယောက် ၇၀ ၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၇ ယောက်၊ မြေမြှုပ်မိုင်းကြောင့် ၃ ယောက်နဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြောင့် တယောက် အသီးသီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကနေ လက်ရှိအချိန်ထိ စစ်အုပ်စုဟာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အပါအဝင် အမျိုးမျိုးသော လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နည်းမျိုးစုံနဲ့ ဆက်လက်ကျူးလွန်နေတာကြောင့် အမျိုးသမီးတွေဟာလည်း နေ့စဉ်နဲ့အမျှ အသက်ဆုံးရှုံးနေကြရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ကေခိုင်