
ရန်ကုန်စက်ရုံတွေမှာ လုပ်ခလစာ တိုးပေးတာတွေ ဆက်တိုက်ဖြစ်နေပေမဲ့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနမှာ တိုးပေးချင်တဲ့လက္ခဏာ မရှိဘူးလို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက မှတ်ချက်ပေးပါတယ်။
မေလထဲမှာ အခြေခံလုပ်အားခ တိုးပေးဖို့ ဆန္ဒပြတောင်းဆိုတာတွေ ရန်ကုန်တိုင်း စက်မှုဇုန်တွေမှာ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး လုပ်သားတွေတောင်းဆိုတာကို လုပ်ငန်းရှင်တွေက လိုက်လျောပြီး အခြေအနေ ထိန်းခဲ့တာပါ။
ရွှေပြည်သာမြို့နယ်ထဲက စက်ရုံအားလုံးနီးပါးမှာ လုပ်အားခတိုးတောင်းတာတွေ ဆက်တိုက်ဖြစ်ခဲ့ပြီး မေလထဲမှာ စက်ရုံအားလုံးရဲ့ ၅၀ ရာခိုင်နှုန်းကျော်မှာ ဒီပြဿနာ ဖြစ်ခဲ့တယ်လို့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတယောက်က ပြောပါတယ်။
အခု ဇွန်လဆန်းမှာလည်း လုပ်အားခတိုးပေးဖို့ တောင်းဆိုတာတွေ ဆက်လက်ဖြစ်ပွားနေပြီး အခြေခံကုန်ဈေးနှုန်းနဲ့ လုပ်အားခကွာခြားချက် ကြီးလွန်းတာကြောင့် လုပ်သားတွေဟာ ဆန္ဒပြတဲ့ နည်းလမ်းကို မဖြစ်မနေ ရွေးခဲ့ရတာ ဖြစ်ပါတယ်။
သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်-မြန်မာ (STUM) မှ ဒေါ်မျိုးမျိုးအေးက “လုပ်ငန်းရှင်များအသင်းတို့ ဝန်ကြီးဌာနတို့ဘက်ကတော့ မတိုးချင်တဲ့လက္ခဏာ ရှိတယ်။ အလုပ်ရှင်တွေကကျတော့ သူတို့ရဲ့ ကျွမ်းကျင်ဝန်ထမ်းကို လက်မလွှတ်ချင်တာ၊ သင်္ကြန်နောက်ပိုင်းဆိုရင် စက်ရုံတွေက အသစ်ဖွင့်ကြတယ်၊ လူသစ်တွေ ခေါ်ကြတယ်လေ ဒါ ထုံးစံပဲ။ အသစ်ဖွင့်တဲ့ရုံတွေက ၁၃,၀၀၀၊ ၁၄,၀၀၀ စပြီးခေါ်ကြတော့ ကျွမ်းကျင်ဝန်ထမ်းတွေက ရုံသစ်ကို အုပ်စုလိုက်ကြီး ရွှေ့သွားတဲ့အခါကြတော့ ကိုယ့်ရုံမှာ လူမကျန်ဘူး၊ ကိုယ့်ရုံက လုပ်ခလစာမြှင့်ပြီးတော့ ထိန်းရတဲ့သဘောပဲ။ တောင်းဆိုမှုတွေက တပြိုင်နက်တည်းနီးပါးလို ဖြစ်လာတယ်။ စက်ရုံတရုံ တောင်းတာကနေ နောက်စက်ရုံက လိုက်တောင်းတာ၊ နောက် ဆက်စပ်ရုံတွေကနေ မတောင်းဘဲနဲ့ပေးတာ ဒါဖြစ်သွားတာပေါ့။ ဒီအလုပ်သမားသပိတ်တွေကြောင့် တိုးပေးပါလို့ ပြောတာတို့ တိုးပေးတာမျိုးတို့တော့ မဟုတ်ဘူးလို့ထင်တယ်။ ဘာလို့လဲဆိုတော့ ဒီဦးစီးတွေ တချို့စက်ရုံတွေ ဝင်တဲ့အချိန်မှာ တိုးပေးလိုက်ပါဆိုတဲ့ စကားက တခွန်းမှ ပြောတာ မကြားရဘူး။ ပြေလည်အောင်ပဲညှိကြ၊ ဒီစကားပဲပြောတယ်။ တိုးမယ်ဆိုတဲ့ ဆုံးဖြတ်ချက် ရှိတယ်ဆိုလို့ရှိရင် တိုးပေးရမယ်၊ ဘယ်လောက်အထိတိုး ဒါမျိုးလာမှာပေ့ါနော်။ အခု အလုပ်ရှင်တွေက ဘာပြောလဲဆိုတော့ ဝန်ကြီးဌာနကမှ အနိမ့်ဆုံးလုပ်ခလစာ မပြဋ္ဌာန်းဘဲ ငါတို့ ဘာလို့တိုးဖို့လိုမှာလဲ၊ အဲဒီလိုမျိုး ပြဋ္ဌာန်းတဲ့အခါကျ ထပ်တိုးနေရမှာ၊ အဲဒါကို စောင့်မယ်ဆိုတဲ့ အလုပ်ရှင်တွေကလည်း အများကြီးပဲရှိတယ်။ ကျမတို့ကတော့ တကယ်ပဲ ဒီသပိတ်တွေကို လိုက်ပါဖြေရှင်းခဲ့ရတဲ့ အခါကျတော့ သူတို့ဘက်က တိုးပေးချင်တဲ့ အရိပ်အယောင် မရှိဘူး၊ လိုလိုလားလား မရှိဘူးဆိုတာကို မြင်ရတယ်” လို့ ပြောပါတယ်။
မေ ၂၀ ရက်က လှိုင်သာယာစက်မှုဇုန်က စက်ရုံလုပ်သား ၆,၀၀၀ နီးပါး ပါဝင်ခဲ့တဲ့ ချန်းရီ ဖိနပ်စက်ရုံသပိတ် အောင်မြင်ပြီးနောက်မှာ ရန်ကုန်တိုင်း စက်မှုဇုန် ၅ ခုက စက်ရုံတွေမှာ လုပ်အားခတိုးတောင်းတဲ့ သပိတ်တွေ ကူးစက်ခဲ့တာပါ။
အလုပ်သမားဥပဒေပါ ပြဋ္ဌာန်းချက်အရ အနိမ့်ဆုံး အခြေခံလုပ်ခလစာဟာ NLD အစိုးရလက်ထက်ကအတိုင်း တရက်ကို ငွေကျပ် ၄,၈၀၀ နှုန်းသာ ရှိနေပြီး စစ်ကောင်စီလက်ထက်မှာ ထပ်တိုးပေးတာမျိုး မရှိခဲ့ပါဘူး။
ထောက်ပံ့ကြေးအနေနဲ့ ငွေကျပ် ၂,၀၀၀ ထပ်ဆောင်းပေးဖို့သာ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ကြေညာထားပြီး မဖြစ်မနေပေးရမယ်ဆိုတဲ့ ညွှန်ကြားချက်လည်း မရှိခဲ့ပါဘူး။
ချန်းရီဖိနပ်စက်ရုံသပိတ် ဖြစ်ပွားနေတုန်း မေ ၁၉ ရက်မှာ စစ်ကောင်စီ အလုပ်သမားဒုဝန်ကြီး လာရောက်ခဲ့ပြီး နောက်တရက်မှာ ပြဿနာပြေလည်ခဲ့တာကြောင့် စစ်ကောင်စီက အခြေအနေထိန်းဖို့ အလုပ်သမားတွေအလိုကို လိုက်ခဲ့တာဆိုတဲ့ အမြင်တွေလည်း ရှိနေခဲ့တာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီက “စကစက ညွှန်ကြားချက်တွေ ရှိတယ် မရှိဘူးဆိုတာ မသိနိုင်ဘူးပေါ့နော်။ တိုက်ရိုက်ကြီးတွေဆိုရင်တော့ ပေါ်လာမှာပေါ့။ သို့သော် ဒီလိုကိစ္စမျိုးတွေကတော့ တိုက်ရိုက်ညွှန်ကြားချက်တော့ ရှိမှာမဟုတ်နိုင်ဘူး။ မြန်မာပြည်တဝန်း စစ်ရေးပြဿနာ ဖြစ်နေချိန်မှာ ရန်ကုန်မှာ မတည်မငြိမ်မဖြစ်အောင် ထိန်းချင်တာမျိုး ကျနော်တော့ အဲဒီလိုမျိုး မမြင်ပါဘူး။ ဒီ စကစ အနေနဲ့ လက်နက်နည်းနဲ့ပဲ ဖြေရှင်းတာပေါ့နော်။ လူထုကို အလျှော့ပေးပြီးတော့ ပြဿနာတွေ ပြေလည်အောင် လုပ်တယ်ဆိုတာ မရှိပါဘူး။ အခု ဒီကိစ္စက အလျှော့ပေးပြီးတော့ လူထုအုံကြွမှုမဖြစ်အောင် မငြိမ်မသက်မဖြစ်အောင် လုပ်တယ်ဆိုတာက ဒါ အလျှော့ပေးနည်း၊ လူထုလိုလားချက်ကို ဖြည့်ဆည်းပေးတဲ့နည်းကို သုံးတဲ့သဘောမျိုး သက်ရောက်တာပေါ့၊ ကျနော်တို့ကတော့ အဲဒီလိုမမြင်ပါဘူး။ နိုင်ငံရေးဖိအားတခုခု၊ သူ့ရဲ့ အကျိုးစီးပွားတခုခုကြောင့် သာလျှင် ဖြေလျှော့တာတို့ ဖိအားပေးပြီး ပြဿနာတွေ ပြေလည်အောင် လုပ်တာတို့ ဒါမျိုးပဲရှိမယ်။ အမှန်တကယ် သူတို့အတွက် အကျိုးမရှိဘူးထင်ရင် အဲဒီနေရာကို ရဲ၊ လုံထိန်း၊ စစ်တပ်တွေ လွှတ်ပြီးတော့ပဲ ဖြေရှင်းမှာပါ။ ဒီလိုမျိုးကလည်း တချို့မြို့နယ်တွေမှာ လုပ်နေတာကို ကျနော် ဒီမတိုင်ခင်က ကြားရတယ်ပေါ့နော်” လို့ ပြောပါတယ်။
၂၀၂၁ မတိုင်ခင်က ရန်ကုန်တိုင်း စက်မှုဇုန် ၅ ခုက စက်ရုံတွေမှာ လုပ်သား ၅ သိန်းကျော် ရှိခဲ့ပေမဲ့ နောက်ပိုင်းမှာ ပြည်တွင်းပဋိပက္ခတွေကြောင့် ပြည်ပထွက်ခွာသူ အများအပြား ရှိခဲ့တဲ့အတွက် လုပ်သားအရေအတွက် လျော့ကျခဲ့ပြီး ပြည်တွင်းလုပ်ငန်းတွေမှာ လိုအပ်ချက် မြင့်မားနေတာပါ။
စစ်အာဏာသိမ်းမှုအပြီးမှာ ရန်ကုန်တိုင်းက စက်ရုံတွေမှာ ပိုင်ရှင်အပြောင်းအလဲ အများကြီးဖြစ်ခဲ့ပြီး တရုတ်နိုင်ငံသား လုပ်ငန်းရှင်အများစု အစားထိုး ဝင်ရောက်ခဲ့တာကို တွေ့ရပါတယ်။
သုတချမ်းသာ