
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပနဲ့ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်တို့မှာ ခေါက်တို ဆွဲခွင့်ပြုထားတဲ့ ဘေးတွဲဆိုင်ကယ်တွေကို စစ်ကောင်စီအဖွဲ့ဝင်နဲ့ ယာဥ်ထိန်းရဲတွေက ဖမ်းဆီး ငွေညှစ်နေကြဆဲ ဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဘေးတွဲဆိုင်ကယ် ပြေးဆွဲခွင့်ကတ်ပြားကို ၂၀၂၅ နှစ်စပိုင်းကစလို့ မြို့နယ်ထွေအုပ်ရုံးခွင့်ပြုချက်နဲ့ ရပ်ကွက်ရုံးတွေက ယာဉ်စည်းကမ်းနဲ့အညီ လုပ်ပေးထားခဲ့တာဖြစ်သလို ဘေးတွဲမောင်းသူတွေကို ရပ်ကွက်ကင်းစောင့်ဖို့အတွက် ခိုင်းစေနေခဲ့တာ ဖြစ်ပါတယ်။
မြောက်ဥက္ကလာနေ ဘေးတွဲမောင်းသူက “ဘေးတွဲမောင်းမယ်ဆိုရင် အချက် ၆ ချက် လိုက်ရမယ်လို့ ကတ်ပြားမှာ ပါတယ်လေ။ ရုံးက ခေါ်ရင်လည်း သွားပေးရတယ်။ ဦးထုပ်၊ ဘက်မှန်၊ ကတ်ပြားရော အင်္ကျီပါ ဝတ်ထားလည်း ဖမ်းတာပဲ။ မိုးတွင်းမို့လို့ ဘီးမှာ ထီးတပ်ရင်လည်း ဖမ်းတာပဲ။ နယ်ကျော်လည်း ဖမ်းတယ်။ ရွှေပေါက္ကံဆိုရင် မြောက်ဥက္ကလာထဲပဲ ပါတာပဲ။ ခြောက်ကွေ့ကနေ ရွှေပေါက္ကံ ကူးရင်လည်း ဖမ်းတယ်။ ဦးဆောင်တာ မော်တော်ပီကယ်တွေ စစ်သားတွေက သူတို့နောက်မှာ။ ဖမ်းမိတာနဲ့ သော့ဖြုတ်ပြီး အနောက်က စစ်သားလက်ထဲ သွားထည့်တာ။ ပြန်ရွေးရင် တစီးကို ၆ သောင်း”လို့ ဆိုပါတယ်။
မြောက်ဒဂုံမြို့နယ်မှာတော့ ဘေလီ၊ အဝိုင်း၊ ကြိုးတံတား၊ ရွှေပေါက္ကံ စတဲ့ ငမိုးရိပ်ချောင်းကူးတံတားတွေကို ဆိုင်ကယ်၊ ဘေးတွဲဖြတ်ခွင့်မပေးသလို ဖမ်းမိပါက ဆိုင်ကယ် သိမ်းဆည်းခံရတဲ့အပြင် မောင်းသူတွေပါ ရိုက်နှက်ခံနေရပါတယ်။
မြောက်ဒဂုံမြို့ခံတဦးက “ခက်ခဲတာပေါ့။ ဈေးထွက်ဝယ်ရင် လိုင်းကားက နေရာတကာ မရောက်ဘူး။ တံတားထိပ်အကွယ်လေးမှာ နေ့တိုင်း မနက်ဆိုရင် ၈ နာရီကနေ ၁၀ နာရီ၊ ညနေဆိုရင် ၃ နာရီကနေ ၅ နာရီ ၆ နာရီလောက်အထိ စောင့်ဖမ်းတာ။ အလုပ်သွား အလုပ်ပြန်ချိန်ကို အဓိက ဖမ်းတာ။ သူတို့အမိန့်က အောက်ကသူတွေပဲ ထိတာ။ တချို့ကျတော့လည်း အဖမ်းခံရမှာစိုးလို့ ထုတ်မစီးရဲကြတော့ဘူး။ ဟိုဘက်မှာ စက်ရုံဆင်းရင် တံတားကနေ လမ်းပဲ လျှောက်သွားကြတော့တာ”လို့ ဆိုပါတယ်။
မေ ၂၂ ရက် စစ်ကောင်စီ အငြိမ်းစားဗိုလ်မှူးချုပ်တယောက်ကို ဘက်ထရီစက်ဘီးစီး သေနတ်သမား ၂ ယောက်က ပစ်ခတ်ခံခဲ့လို့ သေဆုံးပြီးချိန်မှာ ဆိုင်ကယ်အပြင် ဘက်ထရီစက်ဘီးတွေ၊ ဘေးတွဲတွေပါ ဆက်တိုက်ဖမ်းဆီးလာခဲ့တာ ဖြစ်ပေမဲ့ စစ်ကောင်စီအဖွဲ့တွေရဲ့ အမိန့်အရ ဖမ်းဆီးမှုတွေဟာ အခြေခံလူတန်းစားတွေကို ပိုပြီး ဖိနှိပ်မှုနဲ့ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။