
ဧရာဝတီတိုင်းကို ကုန်စ္စည်းသယ်တဲ့အခါ စစ်ကောင်စီက တင်းတင်းကျပ်ကျပ် စစ်ဆေးနေပြီး တင်သွင်းခွင့်မပြနိုင်ရင် ပစ္စည်းတွေ သိမ်းယူတာကြောင့် ကုန်စည်ရှားပါးပြတ်လပ်လာတယ်လို့ လုပ်ငန်းရှင်နဲ့ ဒေသခံတွေဆီက သိရပါတယ်။
ဧရာဝတီတိုင်းဒေသခံ ကုန်သည်တယောက်က “ကုန်ကားတွေကို တင်လာတဲ့ ပစ္စည်းတွေကို တင်သွင်းခွင့် လိုင်စင်ပြခိုင်းတာတွေ လုပ်တယ်။ ဝယ်တာ ရန်ကုန်ဆိုင်တွေက ဝယ်တာလေ၊ လိုင်စင်ပြဆိုတော့ ဝယ်ယူတဲ့ ဘောက်ချာပဲ ပါလာတာ။ အခုလိုလုပ်တာ ကုန်ဝယ်ရခက်တော့ ပစ္စည်းပြတ်တာတွေ ရှိလာတယ်” DVB ကို ပြောပါတယ်။
ကုန်စည်တင်သွင်းတာကို တင်းကျပ်လာပြီးနောက် ပုသိမ်မြို့မှာ စားသောက်ကုန်၊ ဆေးဝါးနဲ့ တခြားအသုံးအဆောက်ပစ္စည်းတွေ ရှားပါးပြတ်လပ်လာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ကောင်စီလက်အောက်ခံဌာနတွေ ပူးပေါင်းပြီး ကုန်ကားတွေ ညအိပ်ရပ်နားတဲ့ ရန်ကုန်-ပုသိမ် ကားလမ်းနေရာတွေအထိ လိုက်လံစစ်ဆေးနေတယ်လို့ ကုန်ကားလုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ပုသိမ်မြို့ခံ ကုန်ကားသမားတယောက်က “တိုင်းအစပ် ပန်တိုင်မှာလည်း စစ်တယ်။ ဗိုလ်မြတ်ထွန်းတံတားလည်း စစ်တယ်။ မြို့အဝင်ဂိတ်တွေမှာ အမိုးလှန်ပေးရတယ်၊ အထောက်အထားတွေတောင်း၊ ကုန်တွေချစစ်တာ ရှိတယ်။ စားဆီ စက်ဆီတို့ပါရင် ဖမ်းတာ။ ပိုက်ဆံက ပေးရတာပဲ” လို့ ပြောပါတယ်။
မေလတတိယအပတ်က ရန်ကုန်-ပုသိမ်ကားလမ်းပေါ်မှာ ပုသိမ်ကုန်ကားနှစ်စီးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ကုန်ပစ္စည်းတွေလည်း သိမ်းယူခဲ့တယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းထဲ ကုန်စည်တင်သွင်းလာတာကို မေလတတိယအပတ်ကစလို့ စစ်ကောင်စီလက်အောက်ခံ အကောက်ခွန်ဌာန၊ စားသုံးသူရေးရာ၊ အထွေထွေအုပ်ချုပ်ရေးဦစီးဌာန၊ စစ်တပ်နဲ့ ရဲတွေက ပိုစစ်ဆေးလာပြီး အာရက္ခတပ်တော် AA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်နေတဲ့ သာပေါင်း၊ ရေကြည်နဲ့ အင်္ဂပူမြို့နယ်တို့ကို ကုန်စည်အများကြီး သယ်ဆောင်ခွင့် တင်းကျပ်ထားတယ်လို့ သိရပါတယ်။