
စစ်ကောင်စီက ၂၀၂၅ နှစ်ကုန်ပိုင်းမှာ ပြုလုပ်ဖို့စီစဉ်နေတဲ့ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်အင်အား အပြည့်ရှိတယ်လို့ ကြံ့ခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ ဦးခင်ရီက ပြောပါတယ်။
မေ ၃၀ ရက်က နေပြည်တော် မင်္ဂလာသီရိဟိုတယ်မှာပြုလုပ်တဲ့ ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနဲ့ ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲမှာ ပြောခဲ့တာပါ။
“ရွေးကောက်ပွဲကော်မရှင်က အမိန့် ထွက်မလာသေးဘူး။ မဲဆန္ဒနယ်မြေ ထွက်မလာသေးဘူး။ ကျနော်တို့ကတော့ မပူနဲ့၊ ကျနော်တို့မှာ ကိုယ်စားလှယ်အင်အား အပြည့်ရှိတယ်။ ပိုတောင်မှ ပိုနေသေးတယ်။ အခုလောလောဆယ် ကိုယ်စားလှယ်အရည်အချင်း သတ်မှတ်ချက်တွေကလည်း ထွက်မလာသေးဘူး”
မဲဆန္ဒနယ်တခုမှာ လေးယောက်၊ ငါးယောက် အရံထားပြီး အဲဒီလူစာရင်းကို ကြားအဖွဲ့အစည်းတခုနဲ့ လူထု လက်ခံမှု၊ ထောက်ခံမှု ရှိ မရှိ ဆွေးနွေးပြီးဆုံးဖြတ်မယ်လို့လည်း ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ အခုနှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲပြုလုပ်နိုင်တဲ့နေရာတွေမှာ ပြုလုပ်သွားဖို့ စီစဉ်နေတာဖြစ်ပြီး ရွေးကောက်ပွဲပြုလုပ်မယ့်ရက်၊ မဲဆန္ဒနယ်၊ ကိုယ်စားလှယ်အရည်အချင်း သတ်မှတ်ချက် အစရှိတာတွေကိုတော့ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။