
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ တိုက်ပွဲအတွင်းမှာ ကျဆုံးခဲ့ရတဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ တပ်ခွဲမှူးရဲ့ မိသားစုကို တပ်ရင်း ၂၈ တပ်ရင်းမှူးက ထောက်ပံ့ကြေးကျပ် သိန်း ၅၀ နဲ့ ကျဆုံးတပ်ဖွဲ့ဝင်ရဲ့ ကျန်ရှိပစ္စည်းတွေကို မေ ၂၆ ရက်မှာ သွားရောက်ပေးအပ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
ယင်းမာပင်ခရိုင် ဓားမဆိုင်းတပ်ရင်း ၂၈ ကနေ ဗန်းမော်တိုက်ပွဲမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လေယာဥ်ဗုံးကြဲမှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်ကျဆုံးခဲ့ရတာပါ။
ဗန်းမော်တိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ တပ်ခွဲမှူး နိုင်နိုင်ရဲ့ မိသားစုကို သွားထောက်ပံ့ပေးပြီး ဂါရဝပြုခဲ့ကာ ယူနီဖောင်း၊ သူ့ရဲ့ဓာတ်ပုံနဲ့ ကျပ်ငွေ သိန်း ၅၀ ကိုပါ ပေးအပ်ခဲ့တာလို့ ယင်းမာပင်ခရိုင် ဓားမဆိုင်းတပ်ရင်း ၂၈ တပ်ရင်းမှူး စွမ်းသူမောင်က ပြောပါတယ်။
“ဒီတော်လှန်ရေးမှာ တာဝန်ကျေလွန်းပါတယ်။ ပင်လယ်ဘူး မြို့သိမ်းတိုက်ပွဲမှာလည်း ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့သူဖြစ်ပြီး တပ်ခွဲမှူး နိုင်နိုင်က ဗန်းမော်တိုက်ပွဲအတွင်းမှာ မြင့်မြတ်စွာ တိုင်းပြည်အတွက် နွေဦးတော်လှန်ရေးအတွက် အသက်ပေးဆပ်ခဲ့သူပါ။”
ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ဒီဇင်ဘာ ၄ ရက်ကတည်းက တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့သလို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က မြို့နယ်တချို့ကို ထိန်းချုပ်ထားနိုင်ပြီလို့လည်း မြေပြင် တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။