
စစ်ကောင်စီတပ်က ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေဘက်မှာ စစ်ကြောင်းထိုးလာပြီး နယ်စပ်မျဉ်းတလျှောက် ဖြတ်သန်းသွားလာနေတာကြောင့် မေ ၂၇ ရက် မနက် ၅ နာရီကျော်မှာ မွဲးခီး ဆုံဆည်းမြိုင်မှာရှိတဲ့ DKBA ဌာနချုပ်စခန်းအနီးမှာ တိုက်ပွဲဖြစ်နေလို့ ဒေသခံ ၁၀၀ ကျော်လောက် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီကနေ သိရပါတယ်။
သူမွဲးခီး DKBA ဌာနချုပ်မှာ အရေးပေါ် စစ်သတိပေးချက် ထွက်လာပြီးနောက် မနက် ၉ နာရီ ၃၅ မိနစ်မှာ ပစ်ခတ်မှု ကြားရပြီး ဘေးလွတ်ရာတွေကို ထွက်ပြေးကြရတာလို့ ဆိုပါတယ်။
KTLA စခန်းထိုင်တပ်ဖွဲ့ဝင်တယောက်က “မြေပြင်အခြေအနေအရ စစ်ကောင်စီနဲ့ KNLA ပူးပေါင်းအဖွဲ့နဲ့ ထိတွေ့မှုဖြစ်ပွားနေပြီး လေယာဉ်စစ်ကူသံတွေ မကြားရသေးပေမဲ့ ဒေသခံတွေက လေယာဉ်ဗုံးဒဏ် ကြောက်တာကြောင့် ဗုံးခိုကျင်းများနဲ့ တခြား ဘေးလွတ်ရာ ဝေါလေနဲ့ တဖက်ကမ်း ထိုင်းဘက်ခြမ်းကို စစ်ဘေးရှောင် ထွက်ပြေးကြတာ” လို့ ပြောပါတယ်။
ကရင်ပြည်နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေကို KNLA, KTLA, PDF တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီဘက်က ဆုံဆည်းမြိုင်ဒေသဘက်ကနေ စစ်ကြောင်းတွေ ထိုးလာနေတာကြောင့် နှစ်ဖက် ထိတွေ့တိုက်ပွဲ ပြင်းထန်လာနေတာပါ။
မေ ၂၅ ရက်ကလည်း ကရင်ပြည်နယ် တပ်မဟာ ၆ နယ်မြေထဲမှာရှိတဲ့ မော်ခွီးစခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။