
အောင်သူ
အာဏာသိမ်းစစ်ခေါင်းဆောင်က သူ့လုံခြုံရေးကို အာမခံချက် မပေးနိုင်ဘူးထင်ရင် ကာကွယ်ရေးဦးစီးချုပ်နေရာကိုရော လက်ရှိ အဓမ္မသိမ်းပိုက်ရယူထားတဲ့ အာဏာအားလုံးကို စွန့်လွှတ်မှာ မဟုတ်ဘူးလို့ စစ်ရေး နိုင်ငံရေး အကဲခတ်တွေက သုံးသပ်ကြပါတယ်။
စစ်ကောင်စီက ကျင်းပဖို့စီစဉ်နေဲ့ ရွေးကောက်ပွဲ ပြီးသွားတဲ့အခါမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ကာကွယ်ရေးဦးစီးချုပ်နေရာမှာ ဆက်ရှိမှာလား ဒါမှမဟုတ် ရွေးကောက်ပွဲအနိုင်ရပါတီနဲ့ ပေါင်းပြီး သမ္မတရာထူးနေရာကို ရယူမလား ဆိုတဲ့အပေါ် နိုင်ငံရေးအသိုင်းအဝန်းကြားမှာ သုံးသပ်မှုအမျိုးမျိုး ရှိနေပါတယ်။
စစ်ရာဇဝတ်မှုတွေနဲ့ နိုင်ငံတကာမှာ တရားစွဲဆိုခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့ စစ်ခေါင်းဆောင်ဟာ သူနဲ့ သူ့မိသားစုရဲ့ လုံခြုံမှုကို အာမခံချက် မပေးနိုင်ဘူးလို့ ယူဆရင် ဘယ်လိုအပြောင်းအလဲကိုမှ လုပ်ဆောင်မှာမဟုတ်ဘဲ နိုင်ငံတော်အာဏာအားလုံးကို ဆက်ပြီး ချုပ်ကိုင်ထားဦးမှာ ဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အရင်ကတည်းက သမ္မတအိပ်မက်ရှိသူ ဖြစ်တာကြောင့် ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်တဲ့ NLD ပါတီကို အာဏာမပေးဘဲ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တာလို့ နိုင်ငံရေးအသိုင်းအဝိုင်းက ယူဆထားတာကြောင့် ဒီနှစ်အကုန်မှာလုပ်မယ့် ရွေးကောက်ပွဲဟာ သူ့ရဲ့ သမ္မတဖြစ်ရေး အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ဖြစ်တယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။
စစ်ခေါင်းဆောင်ဟာ သမ္မတရာထူးကို ရယူပြီး အရပ်သားအစိုးရ အသွင်ပုံစံမျိုးနဲ့ နိုင်ငံတော်အာဏာကို ဆက်လက်ထိန်းချုပ်ဖို့ ကြိုးစားရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးကြီးတဲ့နေရာမှာ ရှိနေတဲ့ ကာကွယ်ရေးဦးစီးချုပ် နေရာကို တခြားစစ်ခေါင်းဆောင် တယောက်ဆီကို လွှဲပြောင်းပေးရမှာ ဖြစ်ပါတယ်။
ပထမအကြိမ် လွှတ်တော်သက်တမ်းမှာ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ခဲ့ဖူးသလို အာဏာသိမ်းစစ်တပ်နဲ့ရော တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေနဲ့ပါ နီးစပ်တဲ့ ဝါရင့်နိုင်ငံရေးသမား တယောက်ကတော့ ဒီလို အရေးကြီးတဲ့နေရာမှာ ရှိနေတဲ့ ကာကွယ်ရေးစီးချုပ်နေရာကို သူ့လုံခြုံရေးကို အာမခံပေးနိုင်တဲ့ ယုံကြည်စိတ်ချရတဲ့ စစ်ဗိုလ်ချုပ်ကိုသာ လွှဲပြောင်းပေးမှာဖြစ်တယ်လို့ ပြောပါတယ်။
ဒါကြောင့်ပဲ စစ်တပ်ထဲမှာ အာဏာသိမ်းစစ်ခေါင်းဆောင်က သူနဲ့ ပါဝါယှဉ်နိုင်တဲ့သူတွေကို အနားပေးပြီး သူချုပ်ကိုင်နိုင်တဲ့ ငယ်ရွယ်တဲ့ စစ်ဗိုလ်ချုပ်တွေကို သူ့နားကိုခေါ်ထားပြီး အနာဂတ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နေရာ ရွေးချယ်မှုကို တိတ်တဆိတ် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
အဲဒီအချက်ကို ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ ပါဝင်ဆောင်ရွက်နေသူ တယောက်က ထောက်ခံပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူစိတ်ချတဲ့သူမဟုတ်ဘဲ ကာကွယ်ရေးဦးစီးချုပ် နေရာကို ပေးမှာမဟုတ်ဘူးလို့ ထောက်ပြသလို စစ်ခေါင်းဆောင်ရဲ့ သမ္မတဖြစ်ရေး အိပ်မက်ကလည်း စိန်ခေါ်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
မြန်မာ့အရေးလေ့လာသူ ဦးကျော်လင်းဦးက “သမ္မတက လွှတ်တော်တွေက ရွေးမှာကိုး။ အဲတော့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေက သူ့ကို ရွေးချယ်ပါ့မလား။ ရွေးခဲ့ရင် သမ္မတဖြစ်မယ်၊ ဒါမှမဟုတ် အဲလိုမဟုတ်ဘဲနဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေ ကြားထဲမှာလည်း သူ့အပြင် တယောက်တယောက်ကို ရွေးဖို့ရှိနေတယ် ဆိုရင်တော့ သူ့အတွက် စိန်ခေါ်မှုရှိတယ်။ တခြားတယောက် ဆိုတာက ရွေးကောက်ပွဲဖြစ်ရင် အများဆုံးနိုင်မယ်လို့ ခန့်မှန်းထားတာက ပြည်ခိုင်ဖြိုးပါတီပေါ့၊ ပါတီဦးဆောင်သူတွေကလည်း သမ္မတဖြစ်ချင်တဲ့ဆန္ဒ ရှိတယ်ဆိုရင် ပါတီကိုယ်စားလှယ်တွေက ဘယ်သူ့ကိုရွေးမလဲ ဆိုတာလည်း စောင့်ကြည့်ရမယ်” လို့ ပြောပါတယ်။
ဒါအပြင် စစ်ခေါင်းဆောင်ဟာ စစ်ရေး၊ နိုင်ငံရေးနဲ့ နိုင်ငံတကာရဲ့ ဖိအားတွေကို လျှော့ချဖို့အတွက် ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပဖို့ လိုနေပေမဲ့ အဲဒီရွေးကောက်ပွဲကြောင့်ပဲ သူ့ရဲ့လုံခြုံမှုနဲ့ အာဏာဆက်လက်ထိန်းချုပ်နိုင်ရေး အပေါ်မှာလည်း စိန်ခေါ်ချက်တွေ ရှိနေတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ကိုကြည်စင်က သုံးသပ်ပါတယ်။
ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် နယ်မြေပြန်စိုးမိုးနိုင်ဖို့ အာဏာသိမ်းစစ်တပ်က တိုင်းရင်းသားဒေသတွေအပါအဝင် မြန်မာနိုင်ငံအနှံ့အပြားမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ နေ့စဉ်ရက်ဆက် ပြုလုပ်နေသလို မြေပြင်မှာလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ စစ်ကြောင်းထိုးတာတွေ အပြင်းအထန်ပြု လုပ်နေပါတယ်။
ချင်းပြည်နယ်မှာတော့ စစ်ကောင်စီတပ်က ဗျူဟာမှူး ဦးဆောင်ပြီး တပ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာလို့ တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့ CNF ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
မေ ၂၁ ရက်ကစပြီး စစ်ကောင်စီရဲ့ တပ်အင်အား ၈၀၀ ကျော်က ကလေးမြို့ကနေ တီးတိန်မြို့ဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် တီးတိန်မြို့အစပ်က ကျေးရွာတွေမှာ ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေနဲ့ နေ့တိုင်း တိုက်ပွဲပြန်ဖြစ်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက DVB ကို ပြောပါတယ်။
စစ်ကောင်စီရဲ့တပ်ကို ဗျူဟာမှူးကိုယ်တိုင် ဦးဆောင်ပြီး ချင်းပြည်နယ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် စစ်တပ်က သူတို့လက်လွှတ်လိုက်ရတဲ့ နယ်မြေတွေ၊ တပ်စခန်းတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ အခုလို စစ်ကြောင်းထိုးလာတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အဲဒီတိုက်ပွဲတွေကြောင့် နှစ်ဖက် ထိခိုက်သေဆုံးမှုကို မသိရသေးပေမဲ့ တိုက်ပွဲဖြစ်တဲ့ ကျေးရွာတွေက ပြည်သူတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်သွားကြပြီ ဖြစ်သလို ချင်းပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ထိန်းချုပ်ထားတဲ့ နယ်မြေတွေ ပြန်မပေးရရေးအတွက် ခုခံကာကွယ်မှုတွေ လုပ်နေတယ်လို့ ဆလိုင်းထက်နီက ပြောပါတယ်။
အခု စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာတဲ့ အင်အားက များသလို လက်နက်အင်အားပါ ချင်းတော်လှန်ရေးတပ်တွေထက် သာလွန်တာကြောင့် ချင်းပူးပေါင်းကာကွယ်ရေးတပ်တွေအနေနဲ့ စိုးမိုးထားတဲ့ နယ်မြေတွေ လက်မလွှတ်ရရေးအတွက် ခုခံကာကွယ်သွားမှာဖြစ်ပြီး ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုကလည်း အရေးကြီးတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီက ရွေးကောက်ပွဲကျင်းပမယ်လို့ ပြောနေပေမဲ့ နိုင်ငံတဝန်းနယ်မြေထိန်း ချုပ်မှုက တနေ့တခြားပိုမိုနည်းပါးလာနေပါတယ်။
ချင်းပြည်နယ်မှာ ဟားခါးမြို့နဲ့ တီးတိန်မြို့နယ်ကလွဲပြီး မြို့နယ်အားလုံးနီးပါးကို လက်လွှတ်ထားရပြီး ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တွေက ချင်းပြည်နယ်ရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးကို ထိန်းချုပ်ထားတာပါ။
ရခိုင်ပြည်နယ်မှာလည်း ပြည်နယ်တခုလုံးနီးပါးကို အာရက္ခတပ်တော် (အေအေ)တပ်ဖွဲ့တွေက သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။
စစ်ကောင်စီကတော့ ဒီနှစ်အကုန်မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ အခိုင်အမာ ပြောဆိုထားတာကြောင့် စစ်ခေါင်းဆောင်ဟာ ဇူလိုင်မှာ ကုန်ဆုံးမယ့် အာဏာသိမ်းသက်တမ်း ၆ လကို ထပ်မံရယူမှာ မဟုတ်ဘဲ ကာလုံကို အာဏာပြန်အပ်ပြီး အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၉ အရ ၆ လအတွင်းမှာ ရွေးကောက်ပွဲ ကျင်းပပေးရမှာ ဖြစ်ပါတယ်။
အောင်သူ