
ပညာရှိများသည် သူတပါး၏ အမှားမှ သင်ခန်းစာယူနိုင်ကြသည်။ သာမန်လူများသည် မိမိကိုယ်တိုင်၏ အမှားမှ သင်ခန်း စာယူနိုင်ကြသည်။ လူမိုက်များမှာမူ မိမိကိုယ်တိုင်၏ အမှားမှပင် သင်ခန်းစာ ယူနိုင်ခြင်းမရှိကြပေ။ ဘယ်ပညာရှိ ပြောခဲ့တဲ့ အဆိုအမိန့်လဲ ဆိုတာတော့ ကျနော် မသိပါဘူး။ စာပေဟောပြောပွဲ တခုမှာ စာရေးဆရာကြီး ဦးအောင်သင်းရဲ့ ဟောပြောချက်ထဲမှာပါလို့ ကျနော် မှတ်သားထားခဲ့တာ ဖြစ်ပါတယ်။
မြန်မာ့နိုင်ငံရေး (တနည်း) မြန်မာ့သမိုင်းကို လေ့လာသူတိုင်း သတင်းစာဆရာ ဦးစိန်ဝင်းရဲ့ ‘အကွဲအပြဲဇာတ်လမ်း’ ဆိုတဲ့ စာအုပ်ကို ဖတ်ဖူးကြလိမ့်မယ်လို့ ယူဆပါတယ်။ သူက ခေတ်သစ် မြန်မာ့ နိုင်ငံရေးသမိုင်းတလျှောက် ခေါင်းဆောင်တွေ ကွဲကြပြဲကြလို့ နိုင်ငံမှာ ငြိမ်းချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု မဖော်ဆောင်နိုင်ခဲ့ပုံကို ရေးသားခဲ့တာ ဖြစ်ပါတယ်။ အဲဒီစာအုပ်ကို ကျနော် ဖတ်ခဲ့တာ (ကျနော့်စိတ်ထင်) နှစ် ၄၀ ဝန်းကျင်လောက်ရှိခဲ့ပြီမို့ စာအုပ်ထဲမှာ ရေးထားတဲ့ မြန်မာ့နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အကွဲအပြဲတိုင်းကိုတော့ အသေးစိတ် မမှတ်မိတော့ပါဘူး။ ထင်ရှားတဲ့ အကွဲအပြဲကြီးတွေကိုတော့ ရုပ်ရှင်ဇာတ်ဝင်ခန်းတချို့လို အခုအထိ မျက်လုံးထဲ ကွက်ကွက်ကွင်းကွင်း မြင်ယောင်နေပါတယ်။
ပဒေသရာဇ်ခေတ်လွန် မြန်မာ့သမိုင်း (တနည်း) မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းမှာ ခေါင်းဆောင်တွေအကြား အထင်ရှားဆုံးလို့ ဆိုနိုင်စရာရှိတဲ့ အကွဲအပြဲက နိုင်ငံကို ကျွန်ပြုထားတဲ့ ဗြိတိသျှအစိုးရကို ဖီဆန်အာခံရာမှာ အားအကောင်းဆုံးဖြစ်ခဲ့တဲ့ တို့ဗမာအစည်းအရုံးမှာ သခင်ကိုယ်တော်မှိုင်း ခေါင်းဆောင်တဲ့ အုပ်စုနဲ့ သခင်ဗစိန်၊ သခင်ထွန်းအုပ်တို့ ခေါင်းဆောင်တဲ့ အုပ်စုကြားက အကွဲအပြဲဖြစ်ပါတယ်။ အဲဒီအကွဲအပြဲမှာ သခင်ကိုယ်တော်မှိုင်းကို တဖက် အုပ်စုဝင်တွေက အလစ်ဝင်ရိုက်လို့ ဘကြီးမှိုင်း ခေါင်းကွဲသွားတဲ့အထိ ဖြစ်ခဲ့ပေမဲ့ အုပ်စု နှစ်ခုစလုံးက မိမိတို့ရဲ့ ပင်မမျှော်မှန်းချက်ဖြစ်တဲ့ နယ်ချဲ့ကျွန်ဘဝမှ လွတ်မြောက်ရေးပန်းတိုင်ကို မျက်ခြည်ပြတ်မသွားခဲ့ကြပါဘူး။ ဗြိတိသျှနယ်ချဲ့ကို လက်နက်ကိုင်တော်လှန်ဖို့ ဂျပန်ကို သွားပြီး စစ်ပညာသင်တဲ့အခါ အုပ်စုနှစ်ခုစလုံးက လူတွေ ညီညီညွတ်ညွတ် ပါဝင်ခဲ့ကြပါတယ်။
ကိုလိုနီဝါဒီဗြိတိသျှကိုရော၊ ဖက်ဆစ်ဝါဒီဂျပန်ကိုပါ ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးနဲ့ အောင်မြင်စွာ တွန်းလှန်တိုက်ထုတ်နိုင်ခဲ့ပြီးနောက် ကက်စ်ဘီခေါ် စက္ကူဖြူစာတမ်း ကိုင်ပြီး တကျော့ပြန်ဝင်လာတဲ့ ဗြိတိသျှနယ်ချဲ့သမားကို (ဖဆပလ)ရဲ့ ဦးဆောင်မှုအောက်မှာ ပြည်သူလူထုကြီး တရပ်လုံးက ထပ်မံဆန့်ကျင်တွန်းလှန်ပြီး လွတ်လပ်ရေးပန်းတိုင်ဆီ အရောက်ချီတက်ဖို့ စိုင်းပြင်းနေကြချိန်မှာ နောက်ထပ် ပေါ်ပေါက်လာတဲ့ အကွဲအပြဲကြီးက (ဖဆပလ)ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အထွေထွေအတွင်းရေးမှူး သခင်သန်းထွန်းတို့ကြားက အကွဲအပြဲ ဖြစ်ပါတယ်။ အကွဲအပြဲကို ညှိမရတဲ့အဆုံး ဗိုလ်ချုပ်က သခင်သန်းထွန်း ခေါင်းဆောင်တဲ့ ကွန်မြူနစ်ပါတီကို (ဖဆပလ) ထဲက ထုတ်ပစ်လိုက်ပါတယ်။ ဒီတခါ အကွဲအပြဲရဲ့ ဂယက်က အတော်ကလေး ကြီးမားခဲ့ပေမဲ့ နိုင်ငံကတော့ ဗြိတိသျှထံက လွတ်လပ်ရေးရတဲ့အထိ ဆက်လက် လျှောက်လှမ်းနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီအကွဲအပြဲက နိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်းအထိ ဆက်ပါလာပါတယ်။ အာဏာရ ဖဆပလ အစိုးရနဲ့ အဓိကအတိုက်အခံကွန်မြူနစ်ပါတီတို့ရဲ့ ပဋိပက္ခအဖြစ် အသွင်ပြောင်းသွားခဲ့တဲ့ အဲဒီအကွဲအပြဲကို ငြိမ်းချမ်းတဲ့နည်းနဲ့ မဖြေရှင်း၊ (သို့မဟုတ်) ဖြေရှင်းဖို့ ကြိုးစားမှု မအောင်မြင်တဲ့အခါ အဲဒီအကွဲအပြဲက ပြည်တွင်းစစ်မီးကို စတင်တောက်လောင်စေခဲ့ပါတော့တယ်။
အဲဒီဖြစ်ရပ်နောက်ပိုင်းကစလို့ မြန်မာ့အကွဲအပြဲက အနှစ်သာရအရ ကွဲပြားခြားနားသွားခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီမတိုင်မီမှာ ပေါ်ပေါက်ခဲ့ဖူးသမျှ မြန်မာ့နိုင်ငံရေးခေါင်းဆောင်တွေအကြား အကွဲအပြဲ (တနည်း) ပဋိပက္ခက တဖက်ကို တဖက် အပြန်အလှန် ဝေဖန်တည့်မတ် ထိန်းကျောင်းပြုပြင်သွားလိုတဲ့ ဆန္ဒပေါ် အခြေခံတဲ့ မိတ်ဖက်ပဋိပက္ခ ဖြစ်ပါတယ်။ ပြည်တွင်းစစ်နဲ့အတူ ပေါ်ပေါက်လာတဲ့ ပဋိပက္ခကတော့ တဖက်ကို တဖက်က (အထူးသဖြင့် အာဏာရထားသူက ခုခံတွန်းလှန်သူကို) အပြုတ်တိုက် ချေမှုန်းပစ်လိုတဲ့ ဆန္ဒပေါ် အခြေခံတဲ့ ရန်ဘက်ပဋိပက္ခအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပါတယ်။
ပြည်တွင်းစစ်နဲ့အတူ နောက်ထပ် ပြောင်းလဲသွားတဲ့ နိုင်ငံရေးအခင်းအကျင်းကြီးတခုက မြန်မာ့နိုင်ငံရေးမှာ အာဏာလက်ရှိအစုနဲ့ အာဏာလက်မဲ့အစု ဆိုပြီး အစုနှစ်စု ကွဲသွားခဲ့တာ ဖြစ်ပါတယ်။ မပြောင်းလဲတာကတော့ အစု နှစ်စုစလုံးမှာ အကွဲအပြဲတွေ ဆက်ရှိနေခြင်းပဲ ဖြစ်ပါတယ်။ အာဏာရ (ဖဆပလ) အစိုးရထဲက သခင်ချစ်မောင်နဲ့ သခင်လွင်တို့ ဦးဆောင်ခွဲထွက်ပြီး ပမညတ အမည်နဲ့ အတိုက်အခံ ဖြစ်လာပါတယ်။ ၁၉၅၆ ရွေးကောက်ပွဲမှာ ပမညတ က ပြည်သူတွေရဲ့ ထောက်ခံမဲ အများအပြား ရရှိလိုက်တဲ့အပေါ် ကောက်ချက်ချပုံ ကွဲပြားပြီး ဖဆပလထဲမှာ သန့်ရှင်းနဲ့ တည်မြဲ ဆိုပြီး ထပ်ကွဲပြန်ပါတယ်။ နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ အဲဒီအကွဲအပြဲက စစ်တပ်(စစ်ဦးစီးချုပ်)ရဲ့ အနေအထားကို ခိုင်မာအားကောင်းလာစေခဲ့ပါတယ်။ အဲဒီအကွဲအပြဲကို အခွင့်ကောင်းအဖြစ် အသုံးချပြီး စစ်တပ်က အာဏာသိမ်းပြဇာတ်ကို ၁၉၅၈ မှာ ဝတ်စုံပြည့် ဇာတ်တိုက်ပါတယ်။
၁၉၆၂ မှာ ကန့်လန့်ကာရှေ့ထွက်ပြီး တရားဝင်ကပြပါတယ်။ အဲဒီကစလို့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ကြီးစိုးလွှမ်းမိုးနေခဲ့တာ အခုအထိပါပဲ။ ဒီတော့ မြန်မာစစ်အာဏာရှင်စနစ် ပေါ်ထွန်းလာခြင်းအတွက် ပင်မအကြောင်းရင်းကို ရှာမယ်ဆိုရင် တခုက စစ်အုပ်စု (အထူးသဖြင့် စစ်ဦးစီးချုပ်ဗိုလ်နေဝင်း)ရဲ့ ပုဂ္ဂိုလ်ရေးမျှော်မှန်းချက် ကြီးမားလွန်းမှုဖြစ်ပြီး နောက်တခုက နိုင်ငံရေးခေါင်းဆောင်တွေရဲ့အကွဲ အပြဲဖြစ်ပါတယ်။
မြေပေါ်တင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ မြေအောက်ကအာဏာလက်မဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ အကွဲအပြဲကလည်း အတောမသတ်ပါဘူး။ ပြည်တွင်းစစ်အဦးပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဖိအားပေးမှုကြောင့် ရန်ကုန်အစိုးရလို့ လှောင်ပြောင်အခေါ်ခံရတဲ့အထိ (ဖဆပလ) မျက်ဖြူဆိုက်နေချိန်မှာ (ဗကပ)က အင်းစိန်နားအထိရောက်နေပြီဖြစ်တဲ့ ကရင်တော်လှန်ရေး တပ်တွေကို စစ်တပ်နဲ့ အတူ ဝိုင်းတိုက်ပေးပြီး (ဖဆပလ)ကို (ICU)ထဲက ထွက်သွားနိုင်အောင် ကူညီလိုက်ပါတယ်။ ဒီလိုနဲ့ အစိုးရကို ဖြုတ်ချဖို့ဖွဲ့ထားတဲ့ (မဒညတ)လည်း ပြိုကွဲသွားပါတယ်။ လက်ဝဲတော်လှန်ရေး အဖွဲ့တွေ စည်းလုံးညီညွတ်ဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းတဲ့(ဗကပ)၊ အလံနီ၊ ပြည်သူ့ရဲဘော် ၃ ပါတီညီညွတ်ရေးကလည်း ထမင်းလုံးနဲ့ ကပ်ထားတဲ့ ညီညွတ်ရေးမျိုးဖြစ် တာကြောင့် ထမင်းလုံးခြောက်တာနဲ့ ညီညွတ်ရေးလည်း ပြိုကွဲသွားပါတယ်။ (ဖဆပလ) အစိုးရရဲ့ တရားဝင်မှုနဲ့ အာဏာပိုင်စိုးမှုကို အခြိမ်းခြောက်နိုင်ဆုံး၊ စိန်အခေါ်နိုင်ဆုံးဖြစ်ခဲ့တဲ့ (ဗကပ) ဟာ နောက်ပိုင်းမှာ လယ်ယာမြေဆိုင်ရာ မူဝါဒအမှားတွေ ချမှတ်ကျင့်သုံးခဲ့မိလို့ ပြည်သူနဲ ကင်းကွာလာခဲ့ပါတယ်။ အဲဒီအချိန်မှာ ပါတီတွင်းသဘောထားကွဲပြားမှုကို ဖြုတ်ထုတ် သတ်နည်းလမ်းမှားနဲ့ ဖြေရှင်းခဲ့လို့ ပါတီဟာ အားနည်းသထက်အားနည်းလာပြီး တော်လှန်ရေးကာလတလျှောက် အခိုင်မာဆုံး ခြေကုပ်စခန်းဖြစ်ခဲ့တဲ့ ပဲခူးရိုးမကို စွန့်ခွာရတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။
အရှေ့မြောက်ဒေသမှာ တကျော့ပြန်အားကောင်းလာခဲ့ပေမဲ့ လူမျိုးစုရေးရာ မူဝါဒအမှားနဲ့ ပထဝီနိုင်ငံရေး အပြောင်းအလဲတို့ ပေါင်းဆုံမိသွားချိန်မှာ သမိုင်းကြောင်း ခန့်ညားထည်ဝါခဲ့တဲ့ ပါတီကြီး တိတ်တိတ်ဆိတ်ဆိတ် ဇာတ်သိမ်းသွားခဲ့ပါတယ်။
မြန်မာ့ပြည်တွင်းစစ်မှာ ဝါအရင့်ဆုံးတော်လှန်ရေးအဖွဲ့ကြီးဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဟာလည်း တော်လှန်ရေးအတွင်း တစတစ ပိုမိုအားကောင်းခိုင်မာလာရမယ့်အစား ပင်ကို အားနည်းချက်တွေကြောင့်ရော ပြင်ပ ပယောဂကြောင့်ပါ ၄ ဖွဲ့ကွဲပြီး အားနည်းသွားခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ စစ်အုပ်စုက အခုဆောင်းပါး ထိပ်ဆုံးမှာ ဖော်ပြခဲ့တဲ့ လူမျိုး ၃ မျိုးမှာ တတိယလူအမျိုးအစားဖြစ်မယ့်လမ်းကို ရွေးချယ်ခဲ့ပြီး တော်လှန်ရေးအဖွဲ့အများစုက ပထမလူနဲ့ ဒုတိယ လူအမျိုးအစားဖြစ်မယ့်လမ်းကို ရွေးချယ်နိုင်ခဲ့ကြတာကြောင့် မြန်မာ့ပြည်တွင်းစစ် ချိန်ခွင်လျှာ အသာစီးပြမှုက ပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်။ “တရားရှိရင် ကူသူများမလေ၊ တရားမဲ့ရင် ကူသူရှားမလေ” ဆိုတဲ့ ဆိုရိုးစကားအတိုင်း အမှန်တရားကိုလည်း လက်ကိုင်ထားနိုင်၊ မိမိကိုယ်တိုင်ရဲ့ အမှား၊ တခြားသူတွေရဲ့ အမှားတွေကနေ သင်ခန်းစာလည်း ယူနိုင်ခဲ့တာကြောင့် နွေဦးတော်လှန်ရေးမှာ တော်လှန်ရေးအင်အားစုတွေဟာ မိမိပြည်သူနဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့ အားပေးထောက်ခံမှုနဲ့အတူ စစ်အာဏာရှင်ဆန့်ကျင်ရေး သမိုင်းတလျှောက် တခါမှမရဖူးတဲ့ အောင်မြင်မှုတွေ ရရှိခဲ့ကြပါတယ်။ မြန်မာစစ်အာဏာရှင် စနစ်ဟာလည်း နိဂုံးကမ္ပတ် အဆုံးသတ်သွားတော့မယ့် အနေအထားဆီသို့ တရွေ့ရွေ့ ချဥ်းကပ်လာခဲ့ပါတယ်။
အဲသလိုရှိနေတုန်း လှေပြေးတုန်း တက်ကျိုးလို့ မဆိုနိုင်ရင်တောင် လှေပြေးတုန်းတက်ပဲ့လို့တော့ ဆိုရမှာဖြစ်တဲ့ အခြေအနေတရပ် ပေါ်ပေါက်လာပါတယ်။ အဲဒါကတော့ လူမျိုးစုတော်လှန်ရေး ဦးဆောင်အဖွဲ့တချို့အပေါ် အိမ်နီးချင်း အင်အားကြီးနိုင်ငံတခုက မလျော်သြဇာသုံးပြီး ဖိအားပေးလာခြင်း ဖြစ်ပါတယ်။ အဲဒီဖိအားကြောင့် အာဏာလုစစ်အုပ်စုကို အဲဒီတော်လှန်ရေးအဖွဲ့တွေရဲ့ ထိုးနှက်တိုက်ခိုက်နေမှုတွေ အရှိန်လျော့ကျသွားခဲ့ပါတယ်။ ဒီအခြေအနေကို မဟာမိတ်တော်လှန်ရေး အဖွဲ့တွေကရော ပြည်သူတွေကပါ နားလည်ကြပါတယ်။ နားလည်တဲ့အလျောက် ဖိအားပေးခြင်းခံခဲ့/နေကြရတဲ့ အဖွဲ့တွေကို ခွင့်လွှတ်မှုနဲ့ ဆက်လက်အားပေး ထောက်ခံဝန်းရံခဲ့ ကြပါတယ်။
ဒါပေမဲ့ အခုတလောမှာတော့ အဲဒီတော်လှန်ရေးအဖွဲ့တွေနဲ့ပတ်သက်ပြီး နားလည်ခွင့်လွှတ်ဖို့နဲ့ ဆက်လက်အားပေးထောက်ခံ ဝန်းရံဖို့ ခက်ခဲစေတဲ့ သတင်းတချို့ ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီသတင်းတွေက အတည်ပြုဖို့ခက်ခဲပေမဲ့ “ဟုတ်လို့ကျော်၊ ပုပ်လို့ပေါ်” ဆိုတဲ့ ဆိုရိုးစကား တခုကလည်း ရှိတာမို့ အဲဒီသတင်းအားလုံးဟာ အမှားတွေချည်းဖြစ်တယ်လို့ ယူဆဖို့လည်း မဖြစ်နိုင်ပါဘူး။ ရှေ့မှာ (ပ)သုံးလုံးတချို့၊ (PDF) တချို့၊ (L-PDF) တချို့ရဲ့ ပြည်သူကို မျက်နှာမမူတဲ့ အပြောအဆို အပြုအမူတွေကြောင့် အနည်းနဲ့အများ စိတ်ရှုပ်ထွေးနေကြတဲ့ ပြည်သူတွေကို အဲဒီတော်လှန်ရေးအဖွဲ့တွေရဲ့ အဲဒီသတင်းတွေက ဝမ်းနည်းအားငယ်စေပါတယ်။ ဒါ့အပြင် နွေဦးတော်လှန်ရေးကာလ ၄ နှစ်ထဲ ရောက်လာပြီဖြစ်တဲ့အချိန်အထိ တော်လှန်ရေးဆင်နွှဲနေကြတဲ့ အဖွဲ့တွေအကြား အနာဂတ်မှာ တည်ဆောက်ထူထောင်မယ့် နိုင်ငံတော်သစ်ရဲ့ အခြေခံအုတ်မြစ်တွေနဲ့ပတ်သက်ပြီး သဘောတူညီမှု မရရှိသေးခြင်းကလည်း ပြည်သူတွေအတွက် ဘဝင်မကျစရာတခု ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ရဲ့ ဂုဏ်အင်္ဂါတခုက ကွဲပြားစုံလင်တဲ့ အရောင်အသွေးတွေရဲ့ ညီညွတ်မှု (unity of diversity) ဖြစ်တာမို့ မတူကွဲပြားခြားနားတဲ့ သဘောထားရပ်တည်ချက်အမြင်တွေ ရှိခြင်းက ဒီမိုကရေစီအတွက် အနုတ်လက္ခဏာ မဟုတ်ပါဘူး။
ဒါပေမဲ့ သဘောထားကွဲမှုက စိတ်ဝမ်းကွဲမှုအဆင့်အထိ ရောက်လာပြီဆိုရင် (တနည်း) မိတ်ဖက်ပဋိပက္ခအဖြစ်မှ ရန်ဖက်ပဋိပက္ခအဖြစ်သို့ ပြောင်းလဲသွားခဲ့ရင်၊ မတူကွဲပြားမှုတွေကို ဆွေးနွေးတဲ့အဆင့်မှာပဲ တဝဲဝဲလည်လည် ဖြစ်နေပြီး နှစ်ဖက်သဘောတူ အဖြေတခုရတဲ့အထိ မတက်လှမ်းနိုင်ဘူးဆိုရင် အဲဒီမတူကွဲပြားမှုက ဒီမိုကရေစီအတွက် အနုတ်လက္ခဏာ ဖြစ်ပါတယ်။
နှစ်ပေါင်းများစွာ ရွာထဲဝင်ပြီး အစောပိုင်းမှာ ရွာသားတွေ မွေးမြူထားတဲ့ ကျွဲ၊ နွား၊ ဆိတ်၊ ဝက် တွေ၊ နောက်ပိုင်းမှာ ရွာသားတွေကိုပါ ပွဲတော်တည်ပြီး ဝဖီးဇိမ်ယစ်နေခဲ့တဲ့ ကျားမိစ္ဆာကြီးဟာ အခုအချိန်မှာ မခံမရပ်နိုင်တော့တဲ့အဆုံး စည်းလုံးညီညွတ်လာကြတဲ့ ရွာသားတွေရဲ့ တုတ်ချက်၊ ဓားချက်၊ လှံချက်၊ မြားချက်တွေကြောင့် ဒဏ်ရာဗရပွနဲ့ ရွာပြင်တောစပ်က ချုံထဲမှာ လဲပြီး အသက်ငင်နေပါပြီ။ ဒါပေမဲ့ ကျားဆိုးကြီး အသက်မထွက်သေးပါဘူး။ ဒီအချက်ကို သတိလစ်မေ့ လျော့သွားတဲ့ ဘယ်ရွာသားမဆို ကြီးစွာပေးဆပ်ရမှာ ဖြစ်ပါတယ်။ ဒီအချက်ကို သတိလစ်မေ့လျော့ပြီး စည်းလုံးညီညွတ်ရေးကို ပေါ့ပေါ့ဆဆ သဘောထားမိသွားကြမယ့် တော်လှန်ရေးအဖွဲ့တဖွဲ့ချင်းရဲ့ အသွေးအသားကို ဝါးမျိုသောက်သုံးရင်း မြန်မာစစ်အာဏာရှင်စနစ် မိစ္ဆာကောင်ဟာ ပြန်လည်အားပြည့်လန်းဆန်းလာပါလိမ့်မယ်။ အဲဒီနောက်မှာ မိစ္ဆာကောင်ဟာ မိစ္ဆာဝင်ရိုးတန်းနိုင်ငံတွေရဲ့ အကူအညီနဲ့ တိုင်းပြည်ကို နျူကလီးယားမီးအိုးကြီးအဖြစ် ဖန်တီးကာ ဒေသတခုလုံးကို ခြိမ်းခြောက်ရင်း သူ့ရဲ့ သက်ဆိုးကို ကမ္ဘာဆုံးတိုင်ရှည်အောင်လုပ်မှာ ဖြစ်ပါတယ်။
မြန်မာစာပေမှာ “ဗြဟ္မာ့ပြည်တဝင်းဝင်း..ဝက်စားကျင်းတရှုပ်ရှုပ်” ဆိုတဲ့စကားတခု ရှိပါတယ်။ လူတယောက်ဟာ လူ့ပြည်မှာ သူ ပြုခဲ့တဲ့ကုသိုလ်တွေကြောင့် သေလွန်တဲ့အခါ မြင့်မြတ်တဲ့ ဗြဟ္မာ့ပြည်ရောက်ပြီး ချမ်းသာမှုအစုစုကို ခံစားရပါတယ်။ ဒါပေမဲ့ ပြုခဲ့တဲ့ ကုသိုလ်ကုန်ဆုံးပြီး အကုသိုလ် အကျိုးပေးချိန်မှာ ချက်ချင်းပဲ ယုတ်ညံ့တဲ့ ဝက်ဘဝ ရောက်ပြီး အညစ်အကြေးတွေနဲ့ ရောထွေးနေတဲ့ စားကျင်းထဲ နှုတ်သီးနဲ့ထိုး အစာရှာရတဲ့အဖြစ်ကို မီးမောင်းထိုးပြထားတဲ့စကား ဖြစ်ပါတယ်။
အခုအချိန်မှာ နွေဦးတော်လှန်ရေးအင်အားစုတွေရဲ့ဘဝက.. ဗြဟ္မာ့ပြည်တဝင်းဝင်း..ပါ။ ဒီအချိန်မှာ ကုသိုလ်ဆက်ဖို့ (တနည်း) စည်းလုံးညီညွတ်မှုကို ခိုင်မာသထက်ခိုင်မာအောင် တည်ဆောက်ကြဖို့၊ မကွဲမပြဲကြဖို့ အရေးကြီးပါတယ်။ အဲသလို မလုပ်နိုင်ကြဘူးဆိုရင်တော့ ဝက်စားကျင်းတ တရှုပ်ရှုပ် ဘဝကို ချက်ချင်းရောက်ရှိသွားနိုင်ပါတယ်။
စည်တော်သံ (သူ့အတွေး သူ့အမြင် – Op-Ed)
(ဤဆောင်းပါးသည် စာရေးသူ၏ အတွေးအမြင်သာဖြစ်ပြီး DVB ၏ အာဘော်မဟုတ်ပါ။)