
ဧရာ၀တီတိုင်း မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဆုံလဲကျေးရွာအုပ်စု၊ ဆိပ်သာကျေးရွာမှာ မေ ၂၅ ရက် မနက် ၁၁ နာရီခွဲ၀န်းကျင်က နှစ်လောင်းပြိုင်လူသတ်မှုတခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကြံခင်းဒေသခံတယောက်က “သမက်ဖြစ်သူက သူ့မိန်းမရဲ့ မိဘနှစ်ဦးကို လာသတ်သွားတာ၊ ဘာကြောင့် လာသတ်သွားတယ်ဆိုတာတော့ မသိရသေးဘူး။ သေဆုံးတဲ့သူတွေကတော့ ဦးဌေးမြင့်နဲ့ သူ့မိန်းမ ဒေါ်ယဥ်ရွှေတို့ဖြစ်ပြီး ဓားနဲ့ခုတ်သတ်သွားတာလို့ ပြောပါတယ်” လို့ ပြောပါတယ်။
ကြံခင်းမြို့မရဲစခန်း တာ၀န်ရှိသူတယောက်က “သူတို့သမက်က ကားနဲ့ရောက်လာပြီး ယောက္ခထီးနဲ့ ယောက္ခမဖြစ်သူကို သတ်သွားတာဖြစ်တယ်။ သူ့ယောက္ခမကတော့ နေရာတင် ပွဲချင်းပြီးသေတယ်၊ သူ့ယောက္ခထီးဖြစ်သူက ဆိပ်သာဆေးရုံမှာရောက်မှသေတယ်”လို့ ပြောပါတယ်။
ပြစ်မှုကျူးလွန်သူက ဘက်ရဲမြို့ အမှတ် ၂ ရပ်ကွက်မှာနေတဲ့ တင်မောင်အေး ဖြစ်ပြီး မနေ့က ညနေပိုင်း ၅ နာရီ ၅၅ မိနစ်လောက်မှာ ရဲက ဖမ်းဆီးရမိတယ်တယ်လို့လည်း ပြောပါတယ်။ ပြစ်မှုကျူးလွန်ခဲ့သူကို ကြံခင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။