
မကြာခင်မှာ အခြေခံပညာစာသင်ကျောင်းတွေ ပြန်ဖွင့်တော့မှာ ဖြစ်ပေမဲ့ ရန်ကုန်မှာ ကျောင်းဝတ်စုံ အဖြူအစိမ်းတွေ ဈေးတက်ပြီး အရောင်းအဝယ်တွေ ပါးနေတယ်လို့ ဈေးရောင်းချသူတွေက ပြောပါတယ်။
ကျောင်းအပ်နှံမှု သီတင်းပတ်အဖြစ် မေ ၂၂ ရက်မှ ဇွန် ၁ ရက်အထိ သတ်မှတ်ထားပြီး ဇွန် ၂ ရက်မှာ ကျောင်းတွေ စတင်ဖွင့်လှစ်မယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။
မကြာခင်မှာ ကျောင်းတွေဖွင့်လှစ်တော့မှာဖြစ်ပြီး ကျောင်းတက်ကြမယ့် ကလေးတွေအတွက် မိဘတွေဟာ ကျောင်းဝတ်စုံအသစ် ဝယ်ပေးတာ၊ စာရေးကိရိယာအသစ် စတာတွေကို ဝယ်ပေးကြတာတွေ လုပ်လေ့ရှိကြပါတယ်။
အခုတော့ အာဏာသိမ်းထားတဲ့ ၄ နှစ်တာ ကာလအတွင်း ကုန်ဈေးနှုန်းတက်တာတွေကြောင့် ကျောင်းဖွင့်ချိန် ရောက်လာပေမဲ့ ကျောင်းဝတ်စုံတွေ ဈေးတက်သလို အရောင်းအဝယ်တွေလည်း ပါးလာတယ်လို့ ကျောင်းဝတ်စုံ ရောင်းချသူတွေက ဆိုပါတယ်။
ရန်ကုန်မြို့က ယုဇနပလာဇာမှာတော့ ကျောင်းဝတ်စုံတွေကို ရာသီချိန်မို့ အပြိုင်အဆိုင် ချိတ်ဆွဲ ရောင်းချနေကြပေမဲ့ အရောင်းအဝယ်ပါးပြီး ဈေးတွေကလည်း အပြိုင်အဆိုင် တက်လာနေပါတယ်။
ယုဇနပလာဇာမှာ ဈေးရောင်းသူတယောက်က “အရောင်းအဝယ်ဒီလိုပဲ၊ တဈေးလုံးငုတ်တုတ်ပဲ” လို့ ပြောပါတယ်။
ကျောင်းဝတ်စုံ အဖြူအစိမ်း ဈေးကွက်ကတော့ ပြည်တွင်းမှာပဲ ကိုယ်တိုင်ချုပ်လုပ်ကြတဲ့ အထည်တွေကို ရောင်းဝယ်ကြတာဖြစ်ပြီး ပိတ်စကုန်ကြမ်းဈေးတက်တာ၊ ချုပ်ခ ဈေးတက်တာတွေကြောင့် အထည်ဈေးတွေ ၂ ဆလောက် တက်လာတဲ့အပြင် အလုပ်သမားရှားတဲ့ အတွက်လည်း အထည်တွေ လိုသလောက် မရဘူးလို့ သိရပါတယ်။
အထည်ရှားသလို တခြားမြို့နယ်တွေမှာလည်း စစ်ရေးအခြေအနေတွေကြောင့် ကျောင်းတွေ မဖွင့်နိုင်တဲ့အတွက် နယ်အော်ဒါ အမှာတွေလည်း ကျဆင်းတယ်လို့ ကျောင်းဝတ်စုံ ရောင်းသူတယောက်က ပြောပါတယ်။
“အဓိက ချုပ်သမားရှားတာ။ အလုပ်သမားရှားတာ။ ဝယ်တဲ့လူတွေကျတော့လည်း နယ်တွေမှာ အဆင်မပြေတော့ နည်းနည်းပါးတယ်။ နယ်က ဖောက်သည်တွေပေါ့။ အရင်နှစ်တွေနဲ့ စာရင်တော့ ပစ္စည်းထွက်တာလည်း နည်းတော့၊ ဝယ်တဲ့သူလည်းနည်းတော့ သူ့ဟာနဲ့သူ အဆင်ပြေနေတာ ဆိုပေမဲ့ အရင်ကလောက် မသွက်တော့ဘူး။ ဈေးနှုန်းကတော့ ရှေ့ဟိုဟာလောက်ကတည်းက တက်တာ၊ အခုတော့ နည်းနည်းလေးငြိမ်နေပြီးတော့ အခုတလော ပြန်တက်တယ်။ အစ ဈေးပေါ့။ ကျနော်တို့က ပြန်ချုပ်တဲ့သူဆိုတော့။ နောက်ပြီးတော့ အလုပ်သမားဈေးကလည်း သူတို့က နည်းနည်းပိုတောင်းတဲ့ အခါကျတော့ နည်းနည်းတက်တယ်။”
ရွှေပြည်သာမြို့နယ်က အထည်ရောင်းချသူ တယောက်ကလည်း အခုနှစ် ကျောင်းဝတ်စုံတွေက ဈေးကြီးပြီး ပြန်ရောင်းချဖို့လည်း မလွယ်ကူတဲ့အတွက် ကျောင်းဝတ်စုံတွေ အသစ်မတင်တော့ဘူးလို့ ဆိုပါတယ်။
ရွှေပြည်သာမြို့နယ်နေ အထည်ရောင်းသူတယောက်က “ဝယ်နိုင်တဲ့ အခြေအနေလည်း မရှိပါဘူး။ ပုဆိုးတထည်ကို တသောင်းကျော်။ ဘယ်လိုဝယ်နိုင်မလဲ။ ဝယ်လို့လည်း အဆင်မပြေပါဘူး။ ကလေးတွေ ကျောင်းတက်ဖို့” လို့ ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အထွေထွေအကျပ်အတည်းကို ပြည်သူတွေ ရင်ဆိုင်လာရပြီး ၂၀၂၁ နောက်ပိုင်းမှာ ကုန်ဈေးနှုန်းက ၃ ဆအထိ မြင့်တက်လာခဲ့သလို ဆက်လက်မြင့်တက်နေဆဲ ဖြစ်ပါတယ်။
မြတ်သဇင်