
ဂျာမနီနိုင်ငံမြောက်ပိုင်းရှိ အဓိကဆိပ်ကမ်းမြို့ဖြစ်တဲ့ ဟမ်းဘတ်ဂ်မြို့ရှိ မီးရထားဘူတာရုံမှာ မေ ၂၃ ရက် ညနေပိုင်းက ဓားနဲ့ တိုက်ခိုက်မှု တခုအတွင်း လူအများအပြား ဒဏ်ရာရခဲ့ကြောင်း ဟမ်းဘတ်ဂ် ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး သံသယရှိသူ အသက် ၃၉ နှစ်အရွယ် အမျိုးသမီး တယောက်ကို ဖမ်းဆီးလိုက်ပါတယ်။
ဟမ်းဘတ်ဂ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အဘ်ဘန်ဆက်သ်က “ဓားနဲ့ တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရသူ ၁၇ ဦး ဆိုပြီး သတင်းပျံ့နေပေမဲ့ အရေအတွက် အတိအကျကို မထုတ်ပြန်သေးပါဘူး။ ဒဏ်ရာရသူ အများအပြား ရှိနေတယ်ဆိုတာ ရှင်းလင်းပေမဲ့ သူတို့ထဲမှာ အတော်များများ အသက်အန္တရာယ် စိုးရိမ်ရမှုတွေ ရှိနေပါတယ်” လို့လည်း ပြောပါတယ်။
ဘစ်လ်ဒ် သတင်းစာမှာတော့ လူ ၁၂ ယောက် ဒဏ်ရာရရှိခဲ့ပြီး ၃ ယောက်က စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေကြောင်း၊ တခြား ၃ ယောက်က ဒဏ်ရာပြင်းထန်ပြီး နောက်ထပ် ၆ ယောက် ကတော့ ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်းဖော်ပြခဲ့ပါတယ်။
တိုက်ခိုက်မှုဖြစ်ရတဲ့ အကြောင်းရင်းကို အခုအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အခင်းဖြစ်ရာနေရာကို အမြန်ရောက်ရှိလာတဲ့ ရဲတွေဟာ အဲဒီအမျိုးသမီးကို တွေ့ကာ စကားပြောဆိုပြီးနောက် အမျိုးသမီးက မခုခံဘဲ အဖမ်းခံခဲ့တာလို့လည်း ဆိုပါတယ်။
ဟမ်းဘတ်ဂ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဖလောရီယန် အဘ်ဘန်ဆက်သ်က “ဒီအမျိုးသမီးဟာ နိုင်ငံရေး လှုံ့ဆော်မှုနဲ့ ပြုမူတာ ဖြစ်နိုင်တယ်ဆိုတဲ့ သက်သေအထောက်အထား မရှိသေးပါဘူး။ အဲဒီအစား သူ့မှာ စိတ်ဖိစီးမှုခံနေရတဲ့ အခြေအနေ ရှိနေသလား ဆိုတာကို အထူးစုံစမ်းစစ်ဆေး နေတဲ့အပေါ် အခြေခံပြီး ရှာဖွေတွေ့ရှိထားတာတွေ ရှိပါတယ်”လို့ ပြောပါတယ်။
ဂျာမနီအဓိပတိ ဖရီးဒရစ်ချ်မက်ဇ်က ထိခိုက်သူတွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် စာနာ သနားကြောင်း လူမှုမီဒီယာမှာ ဖော်ပြခဲ့ပြီး အမြန်တုံ့ပြန်ဆောင်ရွက်ပေးခဲ့တဲ့အတွက် မြေပြင်မှာ ရှိတဲ့ အရေးပေါ်ဝန်ဆောင်မှု အဖွဲ့တွေကို ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
Source:Reuters