
ရန်ကုန်၊ မြောက်ဥက္ကလာနဲ့ မရမ်းကုန်းမြို့နယ်အတွင်း ကမ္ဘာအေးလမ်းတလျှောက်မှာ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေက ဘက်ထရီစက်ဘီးတွေကို ၃ ရက်ဆက်တိုက် ဖမ်းဆီးငွေညှစ် နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြောက်ဥက္ကလာမြို့နယ် လမ်းဝတံတားအဆင်း ၁ ရပ်ကွက်က ခတ္တာလမ်းထိပ်မှာ ပြီးခဲ့တဲ့ မတ် ၂၂ ရက် ညနေပိုင်းလောက်က ဘက်ထရီစက်ဘီးအစီးရေ ၃၀ လောက်ကို စစ်ကောင်စီရဲတွေက ဖမ်းဆီးထားသလို တစီးကို ကျပ်ငွေ ၂ သောင်းနဲ့ ပြန်ရွေးခိုင်းနေတယ်လို့ သိရပါတယ်။
ဒီလို ဖမ်းဆီးနေတာဟာ စစ်ကောင်စီရဲ့ အငြိမ်းစားဗိုလ်မှူးချုပ် ချိုထွန်းအောင်ကို သေနတ်နဲ့ ပစ်ခတ်လုပ်ကြံသေဆုံးမှုအပြီးမှာ စဖြစ်လာတာလို့ မရမ်းကုန်းမြို့ခံတယောက်က ပြောပါတယ်။
“အဲဒီနေ့မနက် တပ်က အကောင်ကြီးတကောင် အသတ်ခံရပြီးကတည်းက နေ့ခင်းလောက်ကစပြီး ဖမ်းတာပဲ။ နဝဒေးထိပ်လမ်းဝဘက်ကနေ စတာ။ ဘက်ထရီဘီးတွေရော၊ Ebike တွေရော အကုန်ဖမ်းတာ။ ညှိလို့ရတဲ့ဘီးက ၂ သောင်းပေးရတယ်။ ဖမ်းထားတာ အစီး သုံး၊ လေး ဆယ်ကျော်တယ်။ ၂၂ ရက်နေ့ကတည်းကဆို ၃ ရက်ဆက်တိုက်ဖြစ်နေပြီ”
တယ်လီဂရမ်ကနေပျံနှံ့လာတဲ့ CCTV မှတ်တမ်းဓာတ်ပုံတခုမှာတော့ စစ်ကောင်စီ အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင်ကို ပစ်ခတ်ခဲ့တယ်ဆိုတဲ့သူတွေဟာ ဘက်ထရီစက်ဘီးစီးလာသူ ၂ ယောက်ဖြစ်တာကို တွေ့ရပါတယ်။
ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တဖွဲ့ဖြစ်တဲ့ Golden Valley Warriorsအဖွဲ့က မရမ်းကုန်းမြို့နယ်၊ အမှတ် ၅ရပ်ကွက်၊ ရွှေနှင်းဆီ ၆လမ်းမှာ အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင်ကို ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီဖြစ်ရပ်အပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်ဟာ ကမ္ဘာအေးလမ်းပေါ်က ဘက်ထရီစက်ဘီး စီးသူအားလုံးကို အင်အားသုံးစစ်ဆေးခဲ့သလို စက်ဘီးတွေကိုဖမ်းဆီးပြီး ငွေညှစ်နေခဲ့တာ ဖြစ်ပါတယ်။