
ဧရာဝတီတိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းတဲ့ဒဏ်ကြောင့် မတ်ပဲနဲ့ ပဲတီစိမ်းတွေ အပါအဝင် နွေသီးနှံတွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။
မေလ ပထမအပတ်ကနေ ဒီနေ့အထိ ရက်ဆက်ရွာသွန်းတဲ့ မိုးဒဏ်ကြောင့် ဧရာဝတီတိုင်းထဲက အိမ်မဲ၊ ငပုတော၊ ပုသိမ်၊ သာပေါင်း၊ ရေကြည်၊ ဓနုဖြူ၊ ဝါးခယ်မ၊ ဘိုကလေး၊ ဇလွန်၊ ဟင်္သာတ၊ မြောင်းမြ၊ ကျိုက်လတ်၊ လေးမျက်နှာ စတဲ့မြို့နယ်တွေမှာ တောင်သူတွေ စိုက်ပျိုးထားတဲ့ မတ်ပဲ၊ နေကြာနဲ့ ပဲတီစိမ်း စိုက်ခင်းဧက ထောင်ချီ ရေနစ်မြုပ် ပျက်စီးခဲ့တာလို့ ဆိုပါတယ်။
ဟင်္သာတမြို့နယ်က တောင်သူတယောက်က “ပဲတီစိမ်းတွေဆို လုံးဝမသိမ်းခဲ့ရဘူး။ အကုန် မိုးမိပြီး ပျက်စီးခဲ့တာ။ သိမ်းတော့မယ့်ဆဲဆဲ မိုးရွာရက်များပြီး အပင်တွေ လဲကျကုန်ပြီး ပုပ်ပွပျက်စီးကုန်တာ” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းထဲမှာ မိုးဒဏ်ကြောင့် တောင်သူတွေစိုက်ထားတဲ့ နေကြာ၊ မတ်ပဲ၊ ပဲတီစိမ်း စတဲ့ မိုးဒဏ်မခံနိုင်တဲ့ နွေသီးနှံစိုက်ခင်းတွေ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ အခြေအနေကို စစ်ကောင်စီ လက်အောက်ခံ ဌာနအဖွဲ့အစည်းတွေက စာရင်းကောက်ယူတာ မရှိဘူးလို့ ဆိုပါတယ်။
ပန်းတနော်မြို့နယ်က တောင်သူတယောက်က “သီးနှံဈေးကွက်က မကောင်း၊ ဈေးကမကောင်းနဲ့ လယ်လုပ်ရတာလည်း နာလန်ကိုမထူဘူး။ ပဲတွေ မိုးဒဏ်ကြောင့် ဆုံးရှုံးတော့ စပါးဘက်ကလည်း အားကိုးလို့မရဘူး။ စပါးဈေးက ဘာမှမရှိဘူး။ သက်ဆိုင်ရာက ကူညီပေးတာလည်း မရှိပါဘူး” လို့ ပြောပါတယ်။
အဲဒီလို သီးနှံစိုက်ခင်းတွေ မိုးများတဲ့ဒဏ်ကြောင့် ပျက်စီးခဲ့လို့ တောင်သူတယောက်ကို ပျမ်းမျှ ငွေကျပ်သိန်း ၂၀ နဲ့အထက် ဆုံးရှုံးခဲ့ရသလို စစ်ကောင်စီကလည်း စိုက်ဘဏ်ချေးငွေတွေ ဖိအားပေး တောင်းယူနေတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းမှာ မတ်ပဲနဲ့ ပဲတီစိမ်း ဧက ၁၇ သိန်းအထိ နှစ်စဉ် စိုက်ပျိုးထုတ်လုပ်ကြပြီး နွေသီးနှံ စိုက်ပျိုးရာသီမှာ မတ်ပဲနဲ့ ပဲတီစိမ်းကို အဓိကစိုက်ပျိုးကြတယ်လို့ ဒေသခံ တောင်သူတွေဆီက သိရပါတယ်။