
စစ်တပ်ရဲ့ အာဏာသိမ်းကာလမှာ ခက်ခဲကျပ်တည်းတဲ့ဒဏ်ကို ဆိုးရွားစွာ ရင်ဆိုင်နေရတဲ့ အလုပ်သမားထုအတွက် စိတ်ပျက်စရာ နေ့ရက်တွေ ဖြစ်နေခဲ့ရပါတယ်။
တနေ့တာ တရားဝင်အလုပ်ချိန် ၈ နာရီအပြင် နောက်ထပ် အချိန်ပို ၅ နာရီထက်မနည်း လုပ်ကိုင်ရပြီး အိပ်ချိန်ကလွဲလို့ ကိုယ်ပိုင်အားလပ်ချိန် မရှိသလောက် လုပ်တောင်မှ တယောက်စာ လောက်ငဖို့ မလွယ်တဲ့ လုပ်ခအတွက် ရုန်းကန်နေကြရတာ ဖြစ်ပါတယ်။
အဲဒီလို ပင်ပင်ပန်းပန်း လုပ်နေရတာနဲ့ ထိုက်တန်မှုမရှိတဲ့ လုပ်ခနဲ့ အသက်ဆက်နေရတာကို မခံနိုင်တော့တဲ့ အလုပ်သမားတချို့ကတော့ စိန်ခေါ်မှုကြီးတဲ့ အရွေ့တခုကို စတင်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
အဲဒီအလုပ်သမားတွေဆီက “လုပ်အားခတိုးမြှင့်ပေး” ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ နည်းပါးလွန်းတဲ့ လုပ်ခနဲ့ အသက်ဆက်နေကြရတာကို အဆုံးသတ်နိုင်ဖို့ ခြေလှမ်းစလိုက်တာလည်း ဖြစ်ပါတယ်။
“မေလက မထင်မှတ်ထားဘဲ အလုပ်သမားတွေရဲ့ လုပ်ခတိုးပေးဖို့ တောင်းဆိုမှုတွေ အရှိန်စလိုက်တာပဲ” လို့ ပြည်တွင်း အလုပ်သမားအရေး လှုပ်ရှားသူတယောက်က ပြောပါတယ်။
ကမ္ဘာကျော် အမှတ်တံဆိပ် အားကစားဖိနပ် ထုတ်လုပ်နေတဲ့ လှိုင်သာယာမြို့နယ်က ချန်းရီ ဖိနပ်စက်ရုံ လုပ်သား ထောင်ပေါင်းများစွာရဲ့ လုပ်ခတိုးပေးဖို့ တောင်းဆိုမှုက ဒီရက်ပိုင်းအတွင်း ထင်ရှားခဲ့ပါတယ်။
လုပ်ခတိုးပေးဖို့ တောင်းဆို ဆန္ဒပြတာကို ချန်းရီစက်ရုံက အစပြုခဲ့တာမဟုတ်ဘဲ သူ့ရှေ့မှာ တခြားစက်ရုံ ၂ ခုလောက်က လုပ်ငန်းခွင်ထဲ ဆန္ဒပြ တောင်းဆိုတာ ရှိခဲ့ပါတယ်။
ချန်းရီစက်ရုံက လုပ်သားအင်အားများတဲ့အပြင် ကမ္ဘာကျော် နာမည်ကြီး အမှတ်တံဆိပ်ကို ထုတ်နေတာဖြစ်လို့ ပိုပြီး ပေါ်လွင်စေသလို တခြားစက်ရုံတွေက လုပ်သားတွေကိုပါ နည်းပါးတဲ့ လုပ်ခနဲ့ ခိုင်းစေခံနေရတာကို တွန်းလှန်ဖို့ အသိဝင်စေခဲ့ပါတယ်။
လုပ်ခတိုးပေးဖို့အတွက်ကို ရွှေပေါက္ကံစက်မှုဇုန်မှ Myanmar Xiang He အထည်ချုပ်စက်ရုံ၊ ရွှေသံလွင် စက်မှုဇုန်ရှိ Myanmar Ju Chuan စက်ရုံ၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်း စက်မှုဇုန်ထဲက Tianjin Fashion Milestone အထည်ချုပ်စက်ရုံ၊ ရွှေပြည်သာမြို့နယ်က True Green ကော်စေ့စက်ရုံ စတဲ့ စက်ရုံတွေမှာ ဆန္ဒပြ တောင်းဆိုတာတွေ ရှိနေတာ ဖြစ်ပါတယ်။
အဲဒါအပြင် တခြားစက်ရုံတွေမှာလည်း အလားတူ တောင်းဆိုဖို့ ပြင်ဆင်နေကြတာ ရှိတယ်လို့ အလုပ်သမား အသိုက်ဝန်းဆီက သိရပါတယ်။
သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) မှ တာဝန်ရှိသူတယောက်က “လုပ်ခပြဿနာက လွယ်လွယ်နဲ့ ပြီးဆုံးသွားမယ် မထင်ဘူး။ နောက်ထပ် ဆန္ဒပြမယ့်ရုံတွေ ထပ်ထွက်လာဖို့ ရှိတယ်ဆိုတဲ့ သတင်းတွေ ရထားတယ်” လို့ ပြောပါတယ်။
အလုပ်သမားတွေအနေနဲ့ လက်ရှိ သတ်မှတ်ထားတဲ့ အနည်းဆုံး တရက်လုပ်ခ ၄,၈၀၀ ကျပ်၊ ထောက်ပံ့ကြေး ၂,၀၀၀ ကျပ်အပေါ် ကျေနပ်မှုမရှိဘဲ ခေတ်ကာလ ကုန်ဈေးနှုန်းနဲ့ ကိုက်ညီမယ့် လုပ်ခရရှိဖို့ ဆန္ဒရှိနေကြတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၈ နှစ်လောက်က တရက်လုပ်ခ ၄,၈၀၀ ကျပ် သတ်မှတ်ခဲ့ချိန်ကထက် အခုချိန်မှာ ကုန်ဈေးနှုန်းက သုံးဆထက်မနည်း တက်နေခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် အလုပ်သမားအများစုက အနည်းဆုံး တရက်လုပ်ခကို ကျပ် ၁၀,၀၀၀ ထက်မနည်း တိုးပေးဖို့ ဆန္ဒပြပြီး တောင်းဆိုနေကြတာပါ။
ရွှေပြည်သာမြို့နယ်မှ အထည်ချုပ် လုပ်သားတယောက်က “လက်ရှိ လုပ်ခက တနေ့လုပ်၊ တနေ့စား ဆိုတဲ့ အဆင့်တောင် ရှိမနေဘူး။ လုပ်နေရင်းနဲ့ကို ငတ်ရတဲ့ဘဝတွေ ဖြစ်နေကြတာ” လို့ ပြောပါတယ်။
တရက်လုပ်ခ ၄,၈၀၀ ကျပ် သတ်မှတ်ချိန်က အမေရိကန် တဒေါ်လာကို ၁,၃၀၀ ကျပ် ပေါက်ဈေးရှိလို့ အလုပ်သမားတယောက်ရဲ့ အခြေခံတရက်လုပ်ခမှာ ၃ ဒသမ ၆ ဒေါ်လာနီးပါး ရှိပါတယ်။
လက်ရှိ ထောက်ပံ့ကြေး ကျပ် ၂,၀၀၀ အပါအဝင် ၆,၈၀၀ ကျပ် ဖြစ်ချိန်မှာ အလုပ်သမားတယောက်ရဲ့ တရက်လုပ်ခက ၁ ဒသမ ၄ ဒေါ်လာလောက်ပဲ ရှိတော့လို့ လုပ်အားခ ၂ ဒေါ်လာစွန်းစွန်း ဆုံးရှုံးနေရတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ပြည်ပကနေ ဒေါ်လာငွေနဲ့ အပ်ထည်လက်ခံထားကြတဲ့ လက်ခစား စက်ရုံပိုင်ရှင်တွေ အဖို့ကတော့ ကျပ်ငွေတန်ဖိုး ကျဆင်းတာနဲ့ တရားဝင် လုပ်ခနှုန်းထား ပြောင်းလဲသတ်မှတ်ဖို့ ပျက်ကွက်ခဲ့တာတွေကို အခွင့်ကောင်းယူပြီး မြိုးမြိုးမြက်မြက် အကျိုးဖြစ်နေပါတယ်။
သူတို့အနေနဲ့ အလုပ်သမားတယောက်ရဲ့ တရက်လုပ်ခကို ၃ ဒသမ ၆ ဒေါ်လာနဲ့ တွက်ချက် ရှင်းပေးရမယ့်အစား ၁ ဒသမ ၄ ဒေါ်လာနဲ့ပဲ ရှင်းရတော့ ဒေသတွင်း အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ အချိုသာဆုံး လုပ်ခပေးပြီး ခိုင်းနိုင်တဲ့ အခွင့်အရေး ရရှိထားကြတာလည်း ဖြစ်ပါတယ်။
တဖက်မှာတော့ အလုပ်သမားတွေဟာ အာဏာသိမ်း စစ်အုပ်စုကြောင့် ဖြစ်လာရတဲ့ ကျပ်ငွေတန်ဖိုး ကျဆင်းမှုနဲ့အတူ တရှိန်ထိုး မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းကို မလောက်ငတဲ့ လုပ်အားခနဲ့ ခက်ခက်ခဲခဲ ဖြေရှင်းရင်ဆိုင်နေခဲ့ရတာပါ။
မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) မှ တာဝန်ရှိသူတယောက်က “အလုပ်သမားတွေအတွက်က လုပ်ခလစာက ဘယ်လိုနည်းနဲ့မှ လောက်ငမှု မရှိတော့ဘူး၊ အလုပ်သမားတယောက်ဟာ အခြေခံ စားဝတ်နေမှုအတွက် ၁၂ နာရီလောက် အလုပ်လုပ်နေကြရတယ်၊ အချိန်ပိုမရရင် ထမင်းတောင် နပ်မှန်အောင် စားမရတော့တဲ့အထိ ဖြစ်လာနေတယ်။ ဒါကြောင့်မို့ပဲ စစ်တပ်ရဲ့ ဝင်ရောက်စွက်ဖက် ဖိနှိပ်မှုတွေ ရှိတဲ့ကြားက လုပ်ခလစာ တောင်းဆိုဖြစ်လာနေတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
အာဏာသိမ်းကာလမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ရန်ကြောင့် အလုပ်သမားထုမှာ ခက်ခဲကျပ်တည်းမှုတွေကို ထုတ်မပြသာဘဲ ကျိတ်ခံပြီး ရေငုံနှုတ်ပိတ်နေခဲ့ရပါတယ်။
အခုခါမှာတော့ အကြောက်တရားနဲ့ နှုတ်ဆိတ်နေမှုကို ရိုက်ချိုးပြီး အလုပ်သမားတွေရဲ့ လုပ်ခလစာ ဖူလုံရေး တောင်းဆိုသံတွေ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
လက်ရှိမှာ နေ့စဥ် လုပ်ခတိုးပေးဖို့ တောင်းဆိုတဲ့စက်ရုံတွေ တရုံပြီးတရုံ ထွက်လာသလို ဆန္ဒပြမှုတွေ အရှိန်မြင့်လာတဲ့အပေါ် အာဏာသိမ်းစစ်အုပ်စုအနေနဲ့ မျက်ကွယ်ပြုထားလို့မရတဲ့ အခြေအနေ ဖြစ်လာခဲ့ပါတယ်။
လုပ်ခတိုးပေးရေး ဆန္ဒပြမှု အရှိန်မြင့်နေတဲ့ ချန်းရီ ဖိနပ်စက်ရုံဆီ စစ်ကောင်စီ အလုပ်သမား ဒုဝန်ကြီး ဦးဝင်းရှိန်က မေ ၁၉ ရက်မှာ သွားရောက်ခဲ့ပြီး အလုပ်သမားတွေကို လုပ်ငန်းခွင်ပြန်ဝင်ဖို့ နားချခဲ့ပါတယ်။
ဒါ့အပြင် လုပ်ခတိုးပေးဖို့ တောင်းဆိုတာတွေ အရှိန်မြင့်လာတာနဲ့အမျှ စစ်တပ်က ဆန္ဒပြ အလုပ်သမားတွေကို ခြိမ်းခြောက်ဖိအားပေးပြီး အခြေအနေတွေကို ထိန်းသိမ်းဖို့ လုပ်နေတာတွေ ရှိတယ်လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။
အာဏာသိမ်းတဲ့ အကျိုးဆက်ကြောင့် ဖြစ်လာတဲ့ ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ နည်းပါးတဲ့ လုပ်ခကြောင့် ခက်ခဲကျပ်တည်းလာလို့ ဆန္ဒပြ တောင်းဆိုနေကြတာ ဖြစ်ပေမဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မျက်နှာပြောင်တိုက်ပြီး အလုပ်သမားတွေကို အပြစ်ဖို့ပါတယ်။
“ကုန်ထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်နိုင်ရင် ငွေကြေးဈေးနှုန်းတွေ တက်လာမှာ မဟုတ်သလို ကုန်ဈေးနှုန်းတွေလည်း တိုးမြင့်လာမှာ မဟုတ်ပါဘူး။ အလုပ်ကို အမှန်တကယ် လုပ်ကြဖို့နဲ့ နိုင်ငံ စီးပွားရေးကို မြှင့်တင်ဖို့ လိုအပ်မယ်” လို့ သူက မေ ၁၉ ရက်မှာလုပ်တဲ့ စစ်ကောင်စီရဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ပြောခဲ့တာပါ။
စစ်ခေါင်းဆောင်ရဲ့ စကားက သာမန် အလုပ်ချိန်အပြင် အချိန်ပိုတွေပါ ဆင်းပြီး လုပ်နေကြရတဲ့ကြားက ကျပ်တည်းနေကြတဲ့ အလုပ်သမားတွေအတွက် ပြက်လုံးတခုလို ဖြစ်နေခဲ့ပါတယ်။
ဒါကြောင့်လည်း အလုပ်သမားတွေအနေနဲ့ ကိုယ့်ရပိုင်ခွင့်အတွက် ကိုယ်တောင်းဆိုရမယ်ဆိုတဲ့ အသိ ပိုခိုင်မာစေပြီး လှုပ်ရှားမှုတွေ အရှိန်မပျက်ဖို့ လုပ်လာကြပါတယ်။
လုပ်ခတိုးပေးရေး တောင်းဆိုရာမှာ ထင်ထင်ရှားရှားရှိခဲ့တဲ့ ချန်းရီစက်ရုံက အလုပ်သမားတွေရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့ စုစည်းညီညွတ်မှုမှာ ကျန်စက်ရုံလုပ်သားတွေကို စံပြုစေခဲ့ပါတယ်။
အခက်အခဲ၊ ဖိအားပေးမှုတွေကို ချန်းရီစက်ရုံလုပ်သားတွေ တောင့်ခံရင်း တပတ်အကြာမှာ သူတို့ရဲ့ တောင်းဆိုချက် စက်ရုံဘက်က လိုက်လျောပေးလိုက်ရပြီး အောင်ပွဲဆင်နိုင်ခဲ့ပါတယ်။
ဒီဖြစ်ရပ်က အလုပ်သမားထုရဲ့ လုပ်ခတိုးမြှင့်ရရှိရေး ယုံကြည်ချက်ကို ပိုအားကောင်းလာစေမှာ ဖြစ်ပါတယ်။
မင်းမခ