Home
မြန်မာသတင်း
စစ်ကိုင်းတွင် ငလျင်ဘေး အလှူပစ္စည်းများကို အုပ်ချုပ်ရေးအဖွဲ့ ဖြတ်ယူနေ
DVB
·
May 22, 2025
Photo: Ethan Htun

ငလျင်ဘေးသင့် စစ်ကိုင်းမြို့မှာ မင်းလမ်းရပ်ကွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့နဲ့ ပြည်သူ့စစ်တွေဟာ ငလျင်ဘေး အလှူပစ္စည်းတွေကို ရပ်ကွက်ကို မပေးဘဲ ဖြတ်ယူ‌ သိမ်းဆည်းထားတယ်လို့ ဒေသ‌ခံတွေက ပြောပါတယ်။

ငလျင်ဘေးဟာ ၂ လနီးပါးကြာမြင့်လာပေမဲ့ ငလျင်သင့် ရပ်ကွက်နေသူတွေဟာ ယာယီတဲတွေနဲ့ နေထိုင်နေကြရသေးသလို ငလျင်ကူပစ္စည်းတွေနဲ့ စားသောက်နေထိုင်ရေးကအစ အားကိုးနေရဆဲ ဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“အဓိက ပြန်ဆောက်ဖို့ သစ်တွေ အကာတွေ အမိုးတွေ လိုတာ။ လာလှူတဲ့သူတွေက ရပ်ကွက်ထဲ ကြိုက်‌တဲ့နေရာ လှူလို့ မရဘူး။ ဒီရပ်ကွက်ဝင်ရင် ရုံးကို အကြောင်းကြားရတာ။ ဆန်တို့၊ ဆီတို့ကအစ ဆိုလာတွေ၊ အထည်တွေ ပိုက်ဆံတွေ လာရင် ရုံးကို အရင်ပေးရတယ်။ သူတို့က အဲဒီကနေမှ ပြန်ခွဲပေးတာ။ အခုထိ မီးတောင် ပြန်မချိတ်နိုင်ဘူး။ အိမ်တွေ ဖြိုဖို့ ဝေးရော။ လက်သမားခလည်း ရွှေဈေး ပေးနေရတယ်။”

စစ်ကိုင်းမြို့ဟာ ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုအပြီး ငလျင်ဒဏ်သင့်အဆောက်အအုံနဲ့ အိမ်ခြေ တော်တော်များများဟာ ဖြိုချ၊ တည်ဆောက်နိုင်ခြင်း မရှိသေးသလို ပျက်စီးနေတဲ့ ဗုဒ္ဓသာသနိက အဆောက်အအုံတွေနဲ့ ပြိုကျပျက်စီးနေတဲ့ ဗလီ ၃ လုံးဟာလည်း ရှင်းလင်းနိုင်ခြင်း မရှိသေးပါဘူး။

ကူညီထောက်ပံ့ရေးနဲ့ ပြန်လည်တည်ဆောက်အတွက် ရပ်ကွက်ရုံးတွေက တားမြစ်တာတွေ၊ ရပ်ကွက်ရုံး ရန်ပုံငွေ တောင်းတာတွေ ရှိသလို ပြည်သူ့စစ်တွေက ငလျင်ဘေးသင့်ပြည်သူတွေကို ရိုက်နှက်တာမျိုးတွေတောင် မြင်ခဲ့ရတယ်လို့ ကူညီထောက်ပံ့ရေးအဖွဲ့ဝင်တယောက်က ပြောပါတယ်။

“မြင်ခဲ့ရသလောက် ပစ္စည်းဝေတာကို တန်းစီနေကြတာ။ တားထားတဲ့ စည်းကနေ လမ်းမပေါ် လျှံထွက်လို့ ဆိုပြီး ကြိမ်လုံးနဲ့ လိုက်ရိုက်တာလေ။ သူ့အမေ သူ့အဘွားအရွယ်တွေ။ ရိုက်တဲ့သူက မင်းလမ်းရပ်ကွက်က ပြည်သူ့စစ်အမျိုးသမီး။ အသက်က ၂၀ လောက်ပဲ ရှိဦးမယ်။ ဆောင့်ကန်ထုတ်တာတွေတောင် ရှိတယ်။ လှူတာတောင် သူတို့ရုံးမှာ ဘာပစ္စည်းထားခဲ့။ ရေသန့် ဘယ်နှကတ်၊ ငွေသား ဘယ်လောက်ထားခဲ့ဆိုပြီး ခိုင်းတာ။ တခြားရပ်ကွက်တွေ၊ ချောင်တွေက ဒီလောက် မဆိုးဘူး။”

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ငလျင်ကြောင့် စစ်ကိုင်း အပါအဝင် မြန်မာတနိုင်ငံလုံးက ပြည်နယ်နဲ့တိုင်း ၆ ခုမှာ မေ ၁၉ ရက်အထိ သေဆုံးသူ ၃၇၂၈ ယောက်၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ယောက်နဲ့ ပျောက်ဆုံးသူ ၇၉ ယောက် ရှိတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပေမဲ့ မြေပြင်မှာ ဒီထက်မက ပျက်စီးသေဆုံးမှုရှိနိုင်သလို ပျက်စီးမှု ပိုများပြားတယ်လို့ အရပ်ဘက် မြေပြင်ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024