
ချန်းရီဖိနပ်စက်ရုံက အလုပ်သမားတွေရဲ့ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြတောင်းဆိုမှု အောင်မြင်မှုရခဲ့ပြီးနောက် ရန်ကုန်မြို့က တခြား စက်ရုံတချို့မှာ လုပ်ခလစာတိုးပေးဖို့ တောင်းဆိုဆန္ဒပြတာတွေ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။
လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန် အပိုင်း ၂ မှာရှိတဲ့ ချန်းရီဖိနပ်စက်ရုံ အလုပ်သမား ၆,၀၀၀ ကျော်ရဲ့ လုပ်အားခတိုးပေးဖို့ တောင်းဆိုချက်ကို စက်ရုံဘက်က လိုက်လျောခဲ့တာကြောင့် မေ ၁၉ ရက်မှာ ပြေလည်မှုရခဲ့တာပါ။
အခြေခံလုပ်ခလစာ နေ့စဉ်ကြေး၊ စက်ရုံထောက်ပံ့ကြေး၊ အစိုးရထောက်ပံ့ကြေး၊ ဆန်ဖိုး ဆီဖိုး အားလုံးပေါင်း တရက်ကို ၁၂,၀၀၀ နှုန်းနဲ့ ပြေလည်မှုရခဲ့တာ ဖြစ်ပါတယ်။
ချန်းရီဖိနပ်စက်ရုံ ပြဿနာ ပြေလည်သွားပေမဲ့ သာဓုကန်စက်မှုဇုန်က Myanmar Pon Chen စက်ရုံ၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာ စက်မှုဇုန်က True Green ကော်စေ့စက်ရုံတို့ အပါအဝင် ရန်ကုန်ရှိ စက်ရုံတချို့မှာ လုပ်အားခတိုးပေးရေးအတွက် အလုပ်သမားတွေက တောင်းဆိုတဲ့ လှုပ်ရှားမှုတွေ ဆက်လက်ဖြစ်ပေါ်နေတယ်လို့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတယောက်က ပြောပါတယ်။
STUM မှ ဒေါ်မျိုးမျိုးအေးက “ကျမတို့ဆီက တရုံလည်း ဆန္ဒပြတယ်ပေ့ါနော်။ WCC ကနေပြီးတော့ မြို့နယ်ညှိ/ဖျန်၊ အဲဒီကနေပြီးတော့ ခုံသမာဓိကိုမသွားဘဲနဲ့ သူတို့က တိုင်းပေါင်းဆက်ဆိုပြီး ဖြစ်သွားတာ။ ညှိနေရင်း ဒါကိုပဲ မနေ့ကညက အလုပ်ထုတ်လိုက်တယ်။ အလုပ်သမားတွေက မပြန်ဘူး၊ မပြန်တော့ ညတွင်းချင်း အလုပ်ပြန်ခန့်ပေးတယ်ပေါ့။ ဒါပေမဲ့ သူက ဘာဖြစ်လဲဆိုတော့ လုပ်ခလစာကျတော့ သူက မဆွေးနွေးဘူး။ မဆွေးနွေးတဲ့အခါကြတော့ အလုပ်သမားတွေက ဆက်လက်ပြီးတော့ တောင်းဆိုမှုတွေ လုပ်နေတယ်။ အဲဒီလိုပဲ ကြိုးကြား ကြိုးကြား ဟိုစက်ရုံ ဒီစက်ရုံ အဲဒီလိုအသံတွေ ကြားတယ်။ အဲဒီစက်ရုံတွေ ကြည့်လိုက်ရင် ၆,၈၀၀ အဲဒီလိုချည်းပဲ ဖြစ်နေတယ်။ ဒီကာလမှာ ၆,၈၀၀ နဲ့ကတော့ ဘယ်လိုမှအဆင်မပြေနိုင်ဘူး။ အနည်းဆုံး အောက်ထစ် ၁၀,၀၀၀၊ ၁၂,၀၀၀ ပေ့ါ။ အခု ကျမတို့ဆီက ဆန္ဒပြတဲ့စက်ရုံ True Green ဆိုရင် ၁၀,၀၀၀ ပဲတောင်းတာ၊ ပေးတဲ့စက်ရုံတွေကလည်း ၁၂,၀၀၀၊ ၁၃,၀၀၀ ပေးတယ်၊ မပေးတဲ့စက်ရုံကလည်း ၆,၈၀၀ နဲ့ ပေးတယ်ဆိုတော့ အလုပ်သမားတွေအနေနဲ့ အဆင်မပြေဘူး။ မပြေတော့ လုပ်ငန်းရှင်တွေ အနေနဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်နဲ့ လုပ်ငန်းတူရုံတွေ ဘယ်ဈေးပေးလဲဆိုတာကို ကြည့်ပြီး တိုးပေးရတော့မယ်။ တိုးမပေးဘူးဆိုရင်တော့ ဆန္ဒပြပွဲတွေ၊ အလုပ်ထုတ်တာတွေ၊ ထိန်းမရတာတွေ နှစ်ရှည်လများ Train ခဲ့ရတဲ့ ကျွမ်းကျင်လုပ်သားတွေ ထွက်သွားတာ ကြုံရမှာပဲ” လို့ ပြောပါတယ်။
အောင်မြင်မှုရခဲ့တဲ့ ချန်းရီ ဖိနပ်စက်ရုံဟာ စက်ရုံတွင်းမှာ ၇ ရက်ကြာ ဆန္ဒပြ တောင်းဆိုခဲ့ရတာဖြစ်ပြီး မေ ၁၉ ရက်မှာ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး ဦးဝင်းရှိန် လာရောက်ပြီး စေ့စပ်မှုတချို့ ပြုလုပ်ပေးခဲ့တာ တွေ့ရပါတယ်။
နိုင်ငံရေးမတည်ငြိမ်တဲ့အချိန်မှာ ဖမ်းဆီးခံရနိုင်တဲ့ အခြေအနေတွေ ရှိနေပေမဲ့ လုပ်သားတွေဟာ စာဝတ်နေရေး မပြေလည်တော့တာကြောင့် စက်ရုံတွင်း ဆန္ဒပြတဲ့နည်းလမ်းကို ရွေးချယ်ခဲ့ရတာ ဖြစ်ပါတယ်။
Progressive Labour Community မှ စိုင်းယုမောင်က “လုပ်ငန်းရှင်တွေကိုယ်တိုင်က အစိုးရက တိုးမပေးလို့ တိုးမပေးတာဆိုတဲ့ ပြောတဲ့ပုံစံတွေကတော့ သူတို့က တကယ် ပေးလည်းပေးနိုင်တယ်၊ မပေးတဲ့ ပြဿနာကြောင့် မြန်မာနိုင်ငံထဲမှာရှိတဲ့ စက်ရုံအလုပ်သမားတိုင်း မတရား အခိုင်းခံနေရတယ်။ ရတဲ့လစာနဲ့ မမျှတဘူး၊ မလုံလောက်ဘူးဆိုတာ သိနေကြတယ်ပေ့ါ။ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဆိုတဲ့ဟာရှိတယ်၊ နောက်ပြီးတော့ လုပ်ငန်းရှင်များအသင်း ဆိုတဲ့ဟာတွေ ထောင်ထားကြတဲ့ အခါကြတော့ စက်ရုံတရုံက ပေးလိုက်ရင် နောက်စက်ရုံတရုံကလည်း ကန့်ကွက်တဲ့ဟာတွေ ရှိတယ်ဆိုတာ ပြောကြတယ် သူတို့က။ ဒါပေမဲ့ ဒါတွေကလည်း မတရားတဲ့ စကားတွေပေ့ါနော်၊ တယောက်ပေးတာကို နောက်တယောက်က နေပြီးတော့ မင်းဟာမင်း ပိုပေးလို့မရဘူးဆိုတဲ့ ပုံစံကို ကျန်တဲ့စက်ရုံတွေကပါ လက်ခံတယ်၊ နားလည်တယ် ဆိုတာ သူတို့အချင်းချင်း အတူတူဖြစ်နေကြတာပေ့ါနော်” လို့ ပြောပါတယ်။
မေလဆန်းပိုင်းကစပြီး လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန်က တရုတ်နိုင်ငံသားပိုင် Tianjin Fashion Milestone Garment အထည်ချုပ်စက်ရုံ၊ ရွှေပြည်သာစက်မှုဇုန်က SUNTIME. JCK CO. LTD အထည်ချုပ်စက်ရုံတို့ အပါအဝင် စက်ရုံတချို့မှာ လုပ်အားခတိုးမြှင့်ပေးရေးအတွက် လုပ်သားတွေရဲ့ တောင်းဆိုမှုတွေ ရှိခဲ့တာပါ။
စစ်အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်းတွေ အဆမတန် တက်ခဲ့ပေမဲ့ စစ်ကောင်စီက အလုပ်သမားတွေရဲ့ ဥပဒေပါ အခြေခံလုပ်ခလစာ တရက် ငွေကျပ် ၄,၈၀၀ နှုန်းကို မတိုးပေးခဲ့ဘဲ ထောက်ပံ့ကြေးအဖြစ် ငွေကျပ် ၂,၀၀၀ ပဲ ထပ်ပေးတဲ့စနစ်ကို ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။
သုတချမ်းသာ