
ထိုင်းနိုင်ငံမှာ တရားမဝင် နိုင်ငံခြားသား၊ အလုပ်သမားတွေကို စစ်ဆေးဖမ်းဆီးနေတာမှာ မေ ၂၀ ရက်နေ့က နွန်ထပူရီနဲ့ လယောင်းခရိုင်ထဲမှာ မြန်မာလုပ်သား ၁၅ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။
နွန်ထပူရီခရိုင် နွန်ထပူရီမြို့ ဘန်ကရဆောရပ်ကွက်ထဲက နာမည်ကြီး အဆင့်မြင့်ကာရာအိုကေဆိုင် တဆိုင်ဟာ နိုင်ငံခြားသားတွေကိုသာ ဝန်ဆောင်မှုပေးပြီး အလုပ်သမားတွေလည်း နိုင်ငံခြား အလုပ်သမားတွေကိုသာ ငှားရမ်းထားကြောင်း သတင်းအရ ရဲတပ်ဖွဲ့က ဧည့်သည် အသွင်ဆောင်ပြီး သွားရောက်စုံစမ်းခဲ့တယ်လို့ Khaosod ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဧည့်သည်အသွင်ဆောင်ရဲက ဆိုင်ထဲ ဝင်သွားရာမှာ အရက်လာငှဲ့ပြီး ဝန်ဆောင်မှုပေးတဲ့ ဆိုင်ဝန်ထမ်းမှာ နိုင်ငံခြားအလုပ်သမား ဖြစ်တယ်၊ QR ကုတ်နဲ့ ကျသင့်ငွေရှင်းရာမှာ ငွေလက်ခံတဲ့ အကောင့်ပိုင်ရှင်မှာ မြန်မာအမည် ဖြစ်နေတယ်လို့ ဆိုပါတယ်။
အမှတ် ၃ လဝက ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးဖမ်းဆီးတာမှာ မြန်မာအလုပ်သမား ၇ ယောက် ဖမ်းဆီးရမိသလို နန်းဆောင်ကော ဆိုသူ ဆိုင်ပိုင်ရှင်အမည်ခံ ထိုင်းအမျိုးသမီးပါ ဖမ်းဆီး အရေးယူခံရမယ်လို့ တာဝန်ရှိသူမှ သတင်းထောက်ကို ပြောပါတယ်။
အဆိုပါအလုပ်အကိုင်မှာ ထိုင်းနိုင်ငံသားတွေသာ လုပ်ပိုင်ခွင့်ရှိတဲ့အတွက် ဥပဒေချိုးဖောက်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို အလုပ်သမားကတ် ရုပ်သိမ်းပြီး အမည်ပျက် Blacklist စာရင်းသွင်းကာ ပြည်နှင်ဒဏ်ပေးသွားမှာဖြစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။
မေ ၂၀ ရက်မှာပဲ ထိုင်းအရှေ့တောင်ပိုင်း လယောင်းခရိုင် နိခုမ်းဖတ်ထနားမြို့ မပ်ခါရပ်ကွက်ရှိ တရုတ်စားသောင်ဆိုင်တဆိုင်မှာ အလုပ်လုပ်နေတဲ့ ရှမ်းရွှေ့ပြောင်းအလုပ်သမား ၈ ယောက် ဖမ်းဆီးခံရတယ်လို့ လယောင် ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
အဆိုပါစားသောက်ဆိုင်မှာ တရုတ်အစားအစာကိုသာ ရောင်းချပြီး အစားအသောက် Menu မှာလည်း တရုတ်စာနဲ့သာ ရေးသားထားတာကြောင့် တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးခဲ့တာမှာ ဆိုင်ရှင်မှာ ထိုင်းလူမျိုး အမည်ခံထားပြီး ပိုင်ရှင်အစစ်မှာ တရုတ်နိုင်ငံသား ဖြစ်နေတာကို စစ်ဆေးတွေ့ရပါတယ်။
အလုပ်သမားတွေလည်း နိုင်ငံခြားအလုပ်သမားသာ ခန့်ထားပြီး ဒါဟာ ထိုင်းစီးပွားရေးဇုန်ကို နစ်နာစေတယ်၊ အလုပ်သမားတွေဟာလည်း အလုပ်သမားမှတ်ပုံတင်ကတ် မရှိတာကြောင့် ဆိုင်ရှင်ရော အလုပ်သမားတွေပါ ဥပဒေအရ အရေးယူခံရမယ်လို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောသွားပါတယ်။
Source: khaosod / Rayong News