Home
မြန်မာသတင်း
ငပုတောတွင် စစ်ကောင်စီတပ်က လက်ကိုင်ဖုန်းများကို စစ်ဆေးပြီး ဒေသခံ ၄ ဦးကို ဖမ်းဆီး
DVB
·
May 21, 2025
Photo: KH

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်မှာ စစ်ကောင်စီတပ်က ဒေသခံတွေရဲ့ လက်ကိုင်ဖုန်းတွေမှာ PDF တပ်ဖွဲ့ဝင်တွေနဲ့ ဆက်သွယ်ထားတဲ့ အချက်အလက် တွေ့တယ်ဆိုပြီး အရပ်သား ၄ ယောက်ကို မေ ၁၉ ရက်က ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ မိုးတိမ်ပြင်ကျေးရွာသား တယောက်နဲ့ သဲဖြူကျေးရွာက အမျိုးသား ၃ ယောက် ဖြစ်ပါတယ်။

စစ်ကောင်စီတပ်နဲ့နီးစပ်သူတယောက်က “စစ်ကောင်စီတပ်က ဦးဆောင်ပြီး ရဲနဲ့ ပျူစောထီးအဖွဲ့တွေက ၂၀ ရက်နေ့က လမ်းဆုံ၊ လမ်းခွတွေစစ်ဆေးနေတာ။ ဆက်သွယ်ထားတဲ့ အချက်အလက်တွေ တွေ့ရှိတာကြောင့်ဆိုပြီးဖမ်းတာခံရတာ။ အကြမ်းဖက်အဖွဲ့ကို ဆက်သွယ်တာကြောင့်ဆိုပြီး ဖမ်းတာ''လို့  ပြောပါတယ်။

ဖမ်းဆီးထားရသူတွေဟာ အရပ်သားတွေဖြစ်ပြီး မြို့ပေါ်ကို ဈေးတက်ဝယ်တဲ့အချိန် ဖမ်းဆီးခံခဲ့ရတာဖြစ်ကာ ဘယ်နေရာမှာဖမ်းဆီးချုပ်နှောင်ထားတယ်ဆိုတာ မသိရပေမဲ့  စစ်ကားပေါ်ခေါ်တင်သွားတာလို့ မျက်မြင်တွေ့သူက ပြောပါတယ်။

အဖမ်းခံရသူတွေနဲ့ နီးစပ်သူတယောက်က “စကစတပ်က ဦးဆောင်လုပ်နေတာ။ ၂ ရက်ရှိပြီ၊ ဖုန်းတွေ တောင်းယူစစ်ဆေးနေတာ။ အဖမ်းခံရသူတွေပြန်လွှတ်ပေးဖို့ မိသားစုတွေကိုခေါ်ပြီး ငွေညှစ်တယ်လို့သိရတယ်။ ဘာလုပ်ညာလုပ်မယ် ခြိမ်းခြောက်ခံရတယ်။ ဥပဒေ စိုးမိုး ရေးအဖွဲ့အစည်းနဲ့ မတူဘူး၊ အနုကြမ်းစီးနေတဲ့အဖွဲ့ပဲ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ရဲတွေက ဦးဆောင်ပြီး အလုပ်သွားချိန် ရုံးတက်ချိန် ဈေးဝယ်ချိန်တွေကိုရွေးပြီး မေ ၁၉ ရက်က စလို့ မြို့တွင်း လမ်းဆုံနေရာတွေမှာ စက်ရုံ၊ အလုပ်ရုံ အလုပ်သမားတွေ၊ ဝန်ထမ်းတွေ ၊ အရပ်သားတွေရဲ့ ဖုန်းတွေကိုစစ်ကောင်စီတပ်က အတင်းယူကာ  စစ်ဆေးနေတယ် လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024