
မန္တလေးတိုင်း၊ ငါးဇွန်မြို့နယ်၊ မြို့သာရဲစခန်းကို မေ ၁၉ ရက် ည ၉ နာရီကျော်မှာ ကျောက်ဆည်ခရိုင် ဒရုန်းတပ်ရင်း ၁၈၄၄ နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် သေဆုံးပြီး ၄ ယောက် ပြင်းထန်ဒဏ်ရာတွေ ရရှိသွားတယ်လို့ မြေပြင်တိုက်ခိုက်မှုလုပ်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
မြို့သာရဲစခန်းအတွင်း အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ရှိနေစဥ်မှာ သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မြင်ခြံခရိုင်တပ်ရင်း ၆ ငါးဇွန်ဖိုက်စတား ပြောက်ကျားတပ်ဖွဲ့ဝင်က “ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့ ၃ ဖွဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။ မြင်းခြံခရိုင်တပ်ရင်း ၆ ကျောက်ဆည် ၁၈၄၄ ဒရုန်းတပ်ရင်းနဲ့ ငါးဇွန်ပကဖတို့ ဒရုန်းမစ်ရှင် ဖော်ဆောင်ခဲ့တာ” လို့ ပြောပါတယ်။
မစ်ရှင်အပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် နေရာမှာသေဆုံးပြီး ၄ ယောက်ကတော့ ပြင်းထန်ဒဏ်ရာတွေ ရရှိသွားတယ်လို့လည်း သူက ဆက်ပြောပါတယ်။
အဆိုပါရဲစခန်းမှာ စခန်းချနေတဲ့ စစ်ကောင်စီစစ်ကြောင်းက နွားထိုးကြီးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေပြီး စစ်ကူသွားပို့ လုပ်ဆောင်နေတဲ့အတွက် အခုလို ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့လည်း ဆိုပါတယ်။
ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့အပြီးမှာ အနီးနားက ကျေးရွာတွေကို စစ်ကောင်စီတပ်က ရမ်းသန်းပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။