
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ မင်းပလောင်ကျေးရွာကနေ စစ်ဘေးရှောင်နေကြတဲ့ ပြည်သူတွေ ငှက်ဖျားဖြစ်ပွားနေတယ်လို့ စစ်ရှောင်အရေး ကူညီပေးသူတွေက မေ ၂၀ ရက်မှာ ပြောပါတယ်။
မေလထဲမှာ ငှက်ဖျားဖြစ်ပွားသူတွေ များလာပြီး ကလေးငယ် အပါအဝင် လူကြီးတွေလည်း ဖြစ်နေတာကြောင့် ဆေးဝါးလုံလောက်မှုမရှိဘဲ အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။
စစ်ရှောင်အရေး ကူညီပေးသူတယောက်က “ဖြစ်နေတာက တလလောက်ရှိပြီ။ ဆေးက လုံလုံလောက်လောက် မရှိတော့ ခက်ခဲနေတာဗျ။ ဖြစ်တာကတော့ လူကြီးရော လူလတ်ရော ကလေးတွေရော ဖြစ်တာ” လို့ ပြောပါတယ်။
မိုးရာသီကာလကို ရောက်ရှိလာပြီး တောတောင်ထဲ စစ်ရှောင်နေရတဲ့အတွက် ခြင်နဲ့ ပိုးမွှားတွေကတဆင့် ငှက်ဖျားဖြစ်ပွားနေပြီး ပြည်သူ အယောက် ၅၀ ထက်မနည်း ဆေးဝါးမလုံလောက်ဘဲ ဖျားနာတာတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဓနုအမျိုးသားများကာကွယ်ရေးတပ် တာဝန်ရှိသူက “မင်းပလောင်ရွာရော ကျနော်တို့ ရဲဘော်တွေရော ဖြစ်နေကြတာ။ ဆေးဝါးလိုအပ်နေပါတယ်” လို့ ပြောပါတယ်။
မင်းပလောင်က ဒေသခံတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ နေက်ဆုံးအပတ်ထဲမှာ မီးရှို့ဖျက်ဆီးလိုက်တဲ့အတွက် ဒေသခံပြည်သူ ၇၀၀ ကျော် တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။