Home
မြန်မာသတင်း
ကြွေးကျန်ကင်းရှင်းမှသာ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးမည်
DVB
·
May 21, 2025

စိုက်ပျိုးရာသီအလိုက် စိုက်ပျိုးစရိတ် ချေးငွေထုတ်ပေးရာမှာ  အရင်ကြွေးကျန်ကင်းရှင်းမှသာ ၂၀၂၅ ခုနှစ် မိုးရာသီအတွက် စိုက်ပျိုးစရိတ်ချေးငွေကို ထုတ်ချေးသွားမယ်လို့ စစ်ကောင်စီရဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ပြန်ထားပါတယ်။

တောင်သူဦးကြီးတွေအနေနဲ့ အချိန်စေ့ချေးငွေပြေကျေမှသာ (ယခင် ကြွေးကျန်ကင်းရှင်းမှသာ) ချေးငွေအသစ် ထုတ်ချေးခွင့်ရရှိမှာဖြစ်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးတဲ့ ဖွံ့ဖြိုးရေးချေးငွေ နှစ်တို၊ နှစ်ရှည် ချေးငွေတွေကိုလည်း သတ်မှတ်စည်းကမ်းချက်နဲ့အညီ ထုတ်ချေးခွင့်ရရှိမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါပေမဲ့ ရာသီဥတု မမှန်တာ၊ ပိုးမွှားအန္တရာယ်တွေနဲ့ ဓာတ်မြေဩဇာဈေးတွေ တက်နေတာ အစရှိတဲ့ အထွေထွေ အကျပ်အတည်းတွေကြောင့် တောင်သူလယ်သမားတချို့ဟာ အခက်အခဲ ဖြစ်နေသလို ချေးငွေပြန်မဆပ်နိုင်ဘဲ ဖြစ်နေကြပါတယ်။

စပါးစိုက်တောင်သူတယောက်က “၁၀၀ မှာ ၂၀ ရာခိုင်နှုန်းလောက်ပဲ ချေးငွေကို ပြန်ဆပ်နိုင်ကြတယ်။ ကျန် ၈၀ ရာခိုင်နှုန်းက မဆပ်နိုင်ကြဘူး။ လယ်တမျိုးတည်း လုပ်ရုံနဲ့တော့ အကြွေးက ဆပ်လို့မရဘူး။ ပြီးတော့ ရာသီဥတု ဖောက်ပြန်တော့ စိုက်ခင်းတွေက အကုန်ပျက်ကုန်တာ။ ပြီးတော့ သွင်းအားစုဖြစ်တဲ့ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးတို့ကအစ ဈေးတက်နေတာ။ ပြန်ဆပ်ဖို့ ဆိုတာက အဆင်မပြေဘူး” လို့ ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ သွင်းအားစုတွေဖြစ်တဲ့ ဓာတ်မြေဩဇာ၊ စက်သုံးဆီ၊ ပိုးသတ်ဈေး၊ မျိုးစပါးစရိတ်တွေဟာ ဈေးနှုန်း မြင့်တက်နေသလို စိုက်ပျိုးရေ မရရှိတာတွေကြောင့် လယ်ယာလုပ်ငန်းတွေဟာ ရပ်ဆိုင်းခြင်း၊ စိုက်ဧက လျှော့စိုက်ပျိုးခြင်း၊ အထွက်နှုန်း လျော့နည်းခြင်း စတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ ၂၀၂၅ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကို အရင် ချေးငွေ အရင်း၊ အတိုးတွေပါ ပြေကျေစွာ ပေးဆပ်ပြီးတဲ့ တောင်သူတွေကို မိုးရာသီ စိုက်ပျိုးချိန်အမီ မေ ၁၉ ရက်က စတင်ပြီး ထုတ်ချေးပေးနေတယ်လို့ သိရပါတယ်။

တနှစ်လျှင် အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် သက်ဆိုင်ရာ ခရိုင်နဲ့ မြို့နယ်ဘဏ်ခွဲတွေကတဆင့် ထုတ်ချေးပေးနေတာ ဖြစ်တဲ့အတွက် အရင်ကြွေးကျန်ကင်းရှင်းတဲ့ တောင်သူတွေအနေနဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ် ဘဏ်ခွဲတွေနဲ့ အမြန်ဆုံး ဆက်သွယ်ကြဖို့ကိုလည်း အသိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024