
ထိုင်းမြောက်ပိုင်း၊ ချင်းရိုင်းခရိုင် မြန်မာနယ်စပ် မယ်ဆိုင်နဲ့ မယ်ဖာ့လုံမြို့နယ်ထဲမှာ မေလ ၂၀ ရက်နေ့ တနေ့အတွင်း မူးယစ်ဆေးဝါးအလေးချိန် ၁၀၀ ကီလိုဂရမ်နဲ့ စိတ်ကြွဆေးပြား ၁ သန်း ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
မြန်မာဘက်ခြမ်း တာချီလိတ်ကနေ မူးယစ်ဆေးအချီကြီး ဝင်ရောက်လာဖို့ရှိကြောင်း ကြိုတင်သတင်းရထားချက်အရ အမှတ် ၃၂၇ နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေဟာ မနေ့ညနေပိုင်းက တာချီလိတ်-မယ်ဆိုင်ကြား အမှတ် ၁ ချစ်ကြည်ရေးတံတားမှာ နယ်စပ်ဖြတ်လက်မှတ်နဲ့ မောင်းဝင်လာတဲ့ကားတွေကို စောင့်ကြပ်စစ်ဆေးခဲ့တာမှာ အနက်ရောင် ချက်ဗလက်ဟိုင်းလပ်စ်ကားတစီးကို မသင်္ကာတာကြောင့် ကားထွက်သွားရာနောက်ကို နောက်ယောင်ခံလိုက်သွားကြတယ်လို့ ဆိုပါတယ်။
အဆိုပါကားဟာ နယ်စပ်နဲ့ ၁ ကီလိုအကွာ မုန်ဒိုင်မီးပွိုင့်နားရောက်တော့ အနောက်ကလိုက်လာတဲ့ တာဝန်ရှိသူတွေက ကိုယ်ယောင်ထွက်ပြပြီး ကားကိုတားဆီးစစ်ဆေးခဲ့တယ်။ ကားခေါင်မိုးကို ဖျက်ကြည့်ရာမှာ လျှို့ဝှက်လုပ်ထားတဲ့ အံဝှက်ထဲမှာ ရွှေရောင် ၊ အစိမ်းရောင်လက်ဖက်ခြောက် စုစုပေါင်း ၁၀၀ ထုပ်တွေ့ရှိတယ်၊ ရွှေဝါရောင် အထုပ် ၆၀ ထုတ်မှာ အိုက်စ်ဆေး ၁ ကီလိုဂရမ်စီနဲ့ စုစုပေါင်း ၆၀ ကီလိုဂရမ်၊ အစိမ်းရောင်ထုတ် ၄၀ ထဲမှာ ခေတာမင်း ၁ ကီလိုစီနဲ့ ပေါင်း ၄၀ ကီလိုဂရမ် အားလုံးပေါင်း မူးယစ်ဆေး အလေးချိန် ၁၀၀ ကီလိုဂရမ် ဖမ်းမိတယ်လို့ ဆိုပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး အသက် ၅၃ နှစ်ရွယ်ရှိ ထိုင်းနိုင်ငံသား နိုင်းဆူဖုပ်နဲ့ နောက်ထပ်ပါဝင်ပတ်သက်သူ မယ်ဆိုင်မြို့ ဝိန်းဖန်ခမ်းရပ်ကွက်နေ နိုင်းဘွန်းပန် အသက် ၄၉ နှစ် ( နိုင်ငံမဲ့လက်မှတ်ကိုင်ဆောင်သူ ) တို့ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ချင်းရိုင်းခရိုင်တွင်းမှာပဲ မေ ၁၉ ရက် ညသန်းခေါင်ယံချိန်က ထိုင်းနယ်စပ် လုံခြုံရေးတပ်ဖွဲ့နဲ့ မူးယစ်ဆေးသယ်ဆောင်တဲ့အဖွဲ့တွေကြား ပစ်ခတ်မှုရှိပြီး စိတ်ကြွဆေးပြား ၁,၀၀၀,၀၀၀ ကို ဖမ်းဆီးရမိတယ်လို့ Maesai Press သတင်းမှာ ဖော်ပြပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ချင်းရိုင်းခရိုင်၊ မယ်ဖာ့လုံမြို့နယ်၊ မယ်ဖာ့လုံအုပ်စု လိဆောရွာအနီးမှာ ကင်းလှည့်စောင့်ကြပ်စဉ် လူ ၅ ယောက်မှ ၁၀ ယောက်လောက် နယ်စပ်တောဘက်ကနေ အထုပ်တွေထမ်းပြီး ဝင်လာတယ်၊ တာဝန်ရှိသူတွေက အသံပေးပြီး စစ်ဆေးဖို့ရပ်တံ့စေရာမှာ တဘက်က ရပ်မပေးလည်း သေနတ်နဲ့ပစ်လို့ နှစ်ဘက် ၁၀ မိနစ်ခန့်အကြာ ပစ်ခတ်ကြတယ်၊ သေနတ်သံတွေ ငြိမ်သွားပြီး မေလ ၂၀ ရက် မိုးလင်းတော့ နယ်မြေရှင်းလင်းရာမှာ မြွေရေခွံအိတ် ၅ လုံးတွေ့ရတယ် ၊ အထဲမှာ စိတ်ကြွဆေးပြား ၂ သိန်းစီထည့်ထားတာကြောင့် စုစုပေါင်း စိတ်ကြွဆေး ၁ သန်း သိမ်းဆည်းရမိတာလို့ ဆိုပါတယ်။
မေ ၁၉ ရက် ည ၉ နာရီ ၁၀ မိနစ်လောက်ကလည်း ချင်းရိုင်းခရိုင်၊ မဲ့ကျန်းမြို့ ၊ မဲ့လိုက်ရပ်ကွက် ဆန်ကောင်စာသင်ကျောင်းအနီး ရပ်ထားတဲ့ ကား ၁ စီးပေါ်ကနေ စိတ်ကြွဆေးပြား ၄ သိန်း ဖမ်းဆီးရမိခဲ့ပါသေးတယ်။
တာဝန်ရှိသူတွေက မယ်ဆိုင်- မယ်ဖာ့လုင် အဝေးပြေးလမ်းပေါ်ရှိ မသင်္ကာဘွယ် ဟိုင်းလပ်ကား ၁ စီးနောက်လိုက်ဖမ်းစဉ် အဆိုပါကားက လမ်းဘေးတနေရာမှာ ရပ်ထားလိုက်ပြီး ယာဉ်မောင်းဖြစ်သူက ထွက်ပြေးလွတ်မြောက်သွားတယ်၊ ကားထဲကို စစ်ဆေးရာမှာ နောက်ခန်းကနေ စိတ်ကြွဆေးတွေ တွေ့ရှိတာလို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
Source: Maesai Press / Siam News