
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့ဝင်တွေက လယ်သမား တယောက်ကို လုယက် သတ်ဖြတ်ခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က မေ ၂၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ညောင်ရွှေမြို့နယ်၊ စန့်စွဲကျေးရွာမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ မေ ၉ ရက်က စန့်စွဲကျေးရွာအပြင်ရှိ တောင်ယာကို စောင့်နေတဲ့ အသက် ၅၄ နှစ်အရွယ် လယ်သမား လုံကျင်းကို ဖမ်းဆီးပြီး လည်ကို ဓားနဲ့လှီးကာ သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လယ်သမားမှာ ပါလာတဲ့ ငွေကျပ် ၉,၇၀၀,၀၀၀ ကိုလည်း လုယူသွားခဲ့ပြီး စန့်စွဲကျေးရွာရှိ နေအိမ်အလုံး ၄၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတာကြောင့် အနီးနားကျေးရွာရှိ ဘုန်းကြီးကျောင်းတကျောင်းနဲ့ နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မေ ၆ ရက်ကစပြီး ဖယ်ခုံမြို့နယ် နယ်စပ်အနီး၊ ညောင်ရွှေမြို့နယ် တောင်ပိုင်းနဲ့ ဆီဆိုင်မြို့နယ်ကြားမှာ စစ်ကောင်စီနဲ့ PNO တပ်သား ၂၀၀ ကျော် လာရောက် တပ်ဖြန့်ထားတာကြောင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။
စန့်စွဲကျေးရွာဟာ ညောင်ရွှေမြို့တောင်ဘက် ၆၆ ကီလိုမီတာအကွာမှာ တည်ရှိပြီး အိမ်ခြေ ၈၀ ကျော်ရှိတဲ့ ကျေးရွာတရွာ ဖြစ်ပါတယ်။
ကေခိုင်