ထိုင်း-မြန်မာနယ်စပ်၊ ဖုတ်ဖမြို့မှာ တရားမဝင် ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၄၄ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းစစ်တပ် သတင်းရင်းမြစ်ကနေ သိရပါတယ်။
အဆိုပါ ရွှေ့ပြောင်း မြန်မာ ၄၄ ယောက်ဟာ ကရင်ပြည်နယ်၊ မြဝတီတောင်ဘက်ကတဆင့် ထိုင်းနိုင်ငံ ဖုတ်ဖမြို့ ရပ်ကွက် ၇ ထဲကို တရားမဝင် ဝင်ရောက်လာချိန် ထိုင်းလုံခြုံရေး လှည့်ကင်းက တွေ့ရှိပြီး စာရွက်စာတမ်း စစ်ဆေးတဲ့အချိန် အထောက်အထားမဲ့ ဖြစ်နေတဲ့အတွက် ဖမ်းဆီးခံရတာပါ။
ဖမ်းဆီးခံရသူတွေဟာ မြန်မာပြည်ဘက်မှာ အလုပ်အကိုင်နည်းပါး၊ လုပ်ခလစာနည်းပါးတာကြောင့် ဘန်ကောက်မြို့မှာ သွားရောက် အလုပ်လုပ်ကိုင်ဖို့ လမ်းစရိတ် တယောက်ကို ဘတ်ငွေ ၂၀၀၀၀ ပွဲစားကိုပေးပြီး သွားကြတာလို့ ပြောပါတယ်။
အထောက်အထားမဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၄၄ ယောက်ကို ထိုင်းနိုင်ငံ တရားဥပဒေအတိုင်း အရေးယူနိုင်ဖို့ ဖုတ်ဖမြို့မရဲစခန်းကို မေ ၂၀ ရက် မနက်ပိုင်းမှာ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။