
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ဝါရစ်ကျေးရွာတိုက်ပွဲမှာ ကျည်ထိမှန်ထိခိုက်ဒဏ်ရာရပြီး ဆေးကုသမှုခံယူနေတဲ့ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၂ က တပ်ဖွဲ့ဝင် ၁ ယောက် မေ ၂၀ ရက် မနက် ၄ နာရီခွဲ ၄၅ မိနစ်အချိန်က ကျဆုံးသွားတယ်လို့ တပ်ရင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ကျဆုံးသွားတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်ဟာ အသက် ၂၀ ဝန်းကျင်ရှိပြီး ပြီးခဲ့တဲ့ မေ ၇ ရက်က ဝါရစ်ရွာ ကပိန်းတောပြင်စခန်း တိုက်ပွဲအတွင်း ရင်ဘတ်မှာ ကျည်ထိမှန်ဒဏ်ရာ အပြင်းအထန်ရခဲ့ပြီးတော့ လွတ်မြောက်နယ်မြေတနေရာမှာ ခွဲစိတ်ကုသမှုခံယူနေစဉ် ၂ ပတ်ခန့်အကြာမှာ ကျန်းမာရေးအခြေအနေ ဆိုးဝါးကာ ဆုံးပါးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။
“ရင်ဘတ်မှာ ကျည်ထိတာပါ။ အစကတော့ ပြန်သက်သာလာတယ်။ စကားပြောတယ်၊ နောက်ကျတော့ အခြေအနေ ပြန်ဆိုးလာတယ်၊ ရှေ့တရက်လောက်က သွေးပါအန်လာတယ်။ အတွင်းဒဏ် ဖြစ်သွားတာလား မသိဘူး။”
အဆိုပါရဲဘော် သေဆုံးမှုနဲ့ပတ်သက်ပြီးတော့ မြိတ်ခရိုင်တပ်ရင်း ၂ ရဲ့ တာဝန်ရှိသူတဦးက “သူ့ရဲ့သေဆုံးမှုနဲ့ပတ်သက်ပြီး အသေးစိတ် မသိရသေးဘူး။ သူ့ဘေးမှာရှိနေပေးတဲ့ ရဲဘော်တွေဆီက အကြောင်းပြန်မလာသေးလို့ပါ” လို့ ပြောပါတယ်။
ကျွန်းစုမြို့နယ်၊ ဝါရစ်တိုက်ပွဲမှာ တော်လှန်ရေးတပ်ဖွဲ့ဘက်က အခုဆိုရင် ၂ ယောက် သေဆုံးခဲ့ကာ စစ်ကောင်စီဘက်ကတော့ ဗိုလ်မှူးမြင့်ဝင်း ဆိုသူ အပါအဝင် အားလုံးပေါင်း သေဆုံးသူ ၂၁ ယောက်ခန့် ရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။
အဲဒီ ဝါရစ်ပိန်းတောပြင်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ အသုံးပြု တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပြီး နောက်တရက်မှာ ပိန်းတောပြင်စခန်းကနေ ကျေးရွာထဲက ပင်မစခန်းကို ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။