
ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ၄ လအတွင်း လူနေအိမ် အလုံး ၈၀ ကျော် ချိပ်ပိတ်သိမ်းဆည်းခံရပြီး တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ပတ်သက်တာကြောင့်လို့ စွပ်စွဲပြီး အရပ်သားနေအိမ် အများစု ချိပ်ပိတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ ဧပြီလကုန်ပိုင်းအထိ ၄ လအတွင်း ဧရာဝတီတိုင်းမှာ နေအိမ်အလုံး ၈၀ ကျော်ကို စစ်ကောင်စီတပ်နဲ့ ပူးပေါင်းအဖွဲ့တွေက ချိပ်ပိတ်သိမ်းဆည်းခဲ့ပြီး ချိပ်ပိတ်သိမ်းဆည်းခံရတဲ့ နေအိမ်ပိုင်ရှင်တွေက တော်လှန်ရေးတပ် PDF အပါအဝင် တော်လှန်ရေး အင်အားစုတွေကို ဆက်သွယ်ကူညီအားပေး ထောက်ပံ့တာကြောင့်လို့ စွပ်စွဲပြီး အရပ်သားတွေ ပိုင်ဆိုင်တဲ့ နေအိမ် အများဆုံးချိပ်ပိတ်ခံခဲ့ရတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “အိမ် ၈၀ ကျော်က တရားမဝင်တဲ့ အဖွဲ့အစည်းတွေနဲ့ ပတ်သက်လို့ဆိုပြီး ချိပ်ပိတ်ခံရတာ များတယ်။ သူတို့ကတော့ ဥပဒေနဲ့အညီ ချိပ်ပိတ်တာဆိုပြီး ဗွီနိုင်းကပ် ချိပ်ပိတ်သွားတာ။ ချိပ်ပိတ်ခံရတဲ့ အိမ်အများစုက အရပ်သားတွေရဲ့ အိမ်တွေချည်းပဲ။ ဘာပဲပြောပြော အိုးမဲ့အိမ်မဲ့ လူတန်းစား များလာတာပေါ့” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ၄ လအတွင်း ချိပ်ပိတ်သိမ်းဆည်းခံရတဲ့ လူနေအိမ် အလုံး ၈၀ ကျော်ဟာ ကျိုက်လတ်၊ မအူပင်၊ ဝါးခယ်မ၊ ဘိုကလေး၊ သာပေါင်း၊ ရေကြည်၊ ဟင်္သာတ၊ လေးမျက်နှာ၊ ငရုတ်ကောင်း၊ ဟိုင်းကြီးကျွန်း၊ ငပုတော၊ အင်္ဂပူ၊ ငါးသိုင်းချောင်း စတဲ့မြို့နယ်တွေက နေအိမ်တွေ အများဆုံးပါဝင်တယ်လို့ သိရပါတယ်။
အိမ်ချိပ်ပိတ်ခံရတဲ့သူနဲ့ နီးစပ်တဲ့ ဒေသခံတယောက်က “စစ်ကောင်စီတပ်နဲ့ ရဲတွေက ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်က တရားမဝင် အကြမ်းဖက် PDF အပါအဝင် အဖွဲ့အစည်းတွေနဲ့ ပတ်သက်တာကြောင့်လို့ဆိုပြီး လေးမျက်နှာမြို့နယ်၊ စက်စက်ယိုယိုဘက်က ကိုမင်းသူ၊ ကိုခင်ဇော်တို့ရဲ့ နေအိမ်တွေကို လာပြီး ချိပ်ပိတ်သွားတာ။ ချိပ်ပိတ်ခံရတဲ့ အိမ်ပိုင်ရှင်တွေက အရပ်သားတွေပါ” လို့ ပြောပါတယ်။
အဲဒီ နေအိမ်ချိပ်ပိတ်ခံထားရတဲ့ အများစုဟာ အကြမ်းဖက် ဥပဒေပုဒ်မ၊ မတရားအသင်း ဆက်သွယ်မှု၊ နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်ကို အကြည်အညိုပျက်စေမှု စတဲ့ပုဒ်မတွေနဲ့ အမှုဖွင့်ခံထားရသူတွေ ပါဝင်ပြီး ဘယ်ပုဒ်မနဲ့မှ အမှုဖွင့်ခံထားရခြင်း မရှိသေးတဲ့သူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီက တရားမဝင် အဖွဲ့အစည်းတွေနဲ့ ပတ်သက်တယ်လို့ စွပ်စွဲပြီး အရပ်သားတွေရဲ့ အိမ်တွေကို ပုဒ်မအမျိုးမျိုးတပ် ချိပ်ပိတ်သိမ်းဆည်းခဲ့တာကြောင့် နေစရာ အိမ်ပိုင်မရှိလို့ ငှားနေခဲ့သူတွေရှိသလို အလုပ်မရှိတာကြောင့် ငှားမနေနိုင်လို့ အိမ်ခြေရာမဲ့ဘဝ ရောက်တဲ့သူတွေလည်း ရှိလာတယ်လို့ သိရပါတယ်။