
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်က ကန္တာရ အပန်းဖြေစခန်းသာမြို့ ဖန်းမ်စပရင်းစ်မှာရှိတဲ့ မျိုးပွားကျန်းမာရေးဌာနတခုမှာ မေ ၁၈ ရက်က ဗုံးပေါက်ကွဲပြီးနောက် လူတယောက်သေဆုံးကာ ၄ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဒီဗုံးပေါက်ကွဲမှုဟာ ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်တဲ့လုပ်ရပ်လို့ ပြည်ထောင်စု ထောက်လှမ်းရေးဗျူရို FBI က ပြောပါတယ်။
သေဆုံးသူဟာ အမေရိကန် မျိုးပွားမှုဆိုင်ရာ စင်တာတွေက လုပ်ငန်းလည်ပတ်နေတဲ့ ဆေးခန်း အပြင်ဘက်က အပိုင်းပိုင်းကွဲသွားတဲ့ ကားတစီးအနားမှာ ရှိနေခဲ့တာလို့ FBI ရဲ့ လော့စ်အိန်ဂျလိစ် ကွင်းဆင်းရုံး လက်ထောက်ဒါရိုက်တာ အခီးလ် ဒေးဗစ်က ပြောပါတယ်။
မနက် ၁၁ နာရီမတိုင်မီ ပေါက်ကွဲခဲ့တဲ့ဗုံးဟာ ဆေးခန်းအပြင်ဘက်မှာ ရပ်ထားတဲ့ ကားထဲမှာတင် ပေါက်ကွဲခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။
ဒီဗုံးကြောင့် အမေရိကန် မျိုးပွားမှုစင်တာရဲ့ နံရံတခု ပေါက်သွားပြီး အဆောက်အအုံတခုလုံး ပျက်စီးသွားခဲ့တာပါ။ တခြား အဆောက်အအုံ အများအပြားလည်း ပျက်စီးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။
Source: Reuters