
၂၀၂၅ ခုနှစ်အတွက် Eurovision သီချင်းဆိုပြိုင်ပွဲကို ဆွစ်ဇာလန်နိုင်ငံ ဘေဆယ်လ်မြို့မှာ မေ ၁၇ ရက်က ကျင်းပခဲ့ရာမှာ ဩစတြီးယားနိုင်ငံ ကိုယ်စားပြု အဆိုတော် JJ က ဗိုလ်စွဲသွားပါတယ်။
မုတ်ဆိတ်မွေးတွေနဲ့ အမျိုးသမီးလို ဝတ်စားဆင်ယင်ပြီး သီဆိုလေ့ရှိသူ ကန်ချီတာဝက်စ် ၂၀၁၄ ခုနှစ်က ဗိုလ်စွဲပြီးနောက်ပိုင်း ဩစတြီးယားနိုင်ငံက ထပ်မံဗိုလ်စွဲတာလည်း ဖြစ်ပါတယ်။
ကမ္ဘာတလွှားက ရုပ်သံကြည့်ပရိသတ် သန်း ၁၆၀ ကျော် ကြည့်ရှုခဲ့ကြတဲ့ ဒီပွဲမှာ အော်ပရာအဆိုတော် JJ က ဒိုင်မဲနဲ့ ပရိသတ်မဲ နှစ်မျိုးပေါင်းမှာ အစ္စရေးအဆိုတော်ကို ကျော်ပြီး ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။
ဩစတြီးယားက ၄၃၆ မဲနဲ့ ပထမ၊ အစ္စရေးက ၃၅၇ မဲနဲ့ ဒုတိယ၊ အက်စတိုးနီးယားက ၃၅၆ မဲနဲ့ တတိယ ရခဲ့ကြတာ ဖြစ်ပါတယ်။
ချွေးထုတ်ခန်းဓလေ့အကြောင်း ရယ်ရွှင်စရာ သီကုံးထားတဲ့ Bara Bada Bastu သီချင်းနဲ့ နာမည်ကြီးတဲ့ ဆွီဒင်ကိုယ်စားပြု KAJ အဖွဲ့ကတော့ စတုတ္ထနေရာနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။
ဆွစ်ဇာလန်အဆိုတော် ဇိုးမီဟာ ဒိုင်မဲအရ ဒုတိယနေရာမှာ ရှိနေပေမဲ့ လူထုမဲကို ပွိုင့်အဖြစ် ပြန်ပြောင်းပေးမှုမှာ တမဲမှမရတဲ့အတွက် အဆင့် ၁၀ တောင် ရောက်သွားခဲ့ပါတယ်။
အစ္စရေးကိုယ်စားပြု အဆိုတော်ကို ဝင်ပြိုင်ခွင့်ပေးခဲ့တဲ့အတွက် ၂ နှစ်ဆက် ကန့်ကွက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဒုတိယရတဲ့ အစ္စရေးနိုင်ငံ ကိုယ်စားပြု အဆိုတော် ယူဗဲလ် ရာဖဲလ်ဟာ ၂၀၂၃ ဟားမတ်စ်တိုက်ခိုက်မှုမှာ ရှင်ကျန်ခဲ့သူတွေထဲက တယောက်ဖြစ်ပါတယ်။
Source: Reuters