
ချင်းကာကွယ်ရေးတပ်-အရှို စစ်ဆင်ရေးလှုပ်ရှားရာ နယ်မြေတွေနဲ့ ထိစပ်နေတဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ တောင်ပေါ်ဒေသနဲ့ မြေပြန့်ဒေသကျေးရွာတွေက အခြေခံပညာကျောင်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာ၊ ဆရာမတွေကို နှောင့်ယှက်တဲ့သူတွေကိုလည်း တားမြစ် အရေးယူမယ်လို့ ချင်းကာကွယ်ရေးတပ်-အရှို က မေလ ၁၉ ရက် ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
အခြေခံပညာကျောင်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ အခြေခံပညာအဆင့် ကျောင်းဆရာ၊ ဆရာမတွေကို ခြိမ်းခြောက်တာ၊ နှောင့်ယှက်ဟန့်တားတာ၊ ဖမ်းဆီးထိန်းသိမ်းတာနဲ့၊ ပညာသင်ကြားမှု ကျောင်းကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်တာတွေ မလုပ်ဘူးလို့လည်း ဆိုပါတယ်။
အခု ၂၀၂၅-၂၀၂၆ အခြေခံပညာသင်နှစ်အတွက် အခြေခံကျောင်းတွေ စတင်ဖွင့်လှစ်တော့မှာ ဖြစ်တဲ့အတွက် ကျောင်းနေအရွယ် ကလေးသူငယ်တွေ ပညာသင်ကြားဖို့ လိုအပ်နေတာကို တွေ့ရှိနေရတယ်လို့ ချင်းကာကွယ်ရေးတပ်-အရှိုရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အဲဒီအတွက် အခြေခံပညာအဆင့် ပညာရေးဝန်ထမ်းတွေအနေနဲ့ ကျောင်းနေအရွယ် ကလေးငယ်တွေကို စေတနာ၊ ဝါသနာ၊ အနစ်နာ ၃ ချက်ကို ခံယူအလေးထားပြီး လွတ်လပ်စွာ သင်ကြားမှုတွေ ပြုလုပ်ဖို့ကိုလည်း ချင်းကာကွယ်ရေးတပ်-အရှိုက မေတ္တာရပ်ခံထားပါတယ်။
ချင်းကာကွယ်ရေးတပ်-အရှိုအနေနဲ့ စစ်ရေးနဲ့စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကိုသာ အဓိက ဦးတည်တိုက်ခိုက်ပြီး နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ ဥပဒေတွေကို လေးစားလိုက်နာနေတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။