
အမေရိကန် အနောက်အလယ်ပိုင်းနဲ့ တောင်ပိုင်းတို့မှာ လေပြင်းမုန်တိုင်းတွေနဲ့ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူ ၂၃ ယောက် ထက်မနည်း သေဆုံးခဲ့ပြီး အများစုက ကန်တက်ကီပြည်နယ်မှာ ပြင်းထန်တဲ့ လေဆင်နှာမောင်းတိုက်ခတ်လို့ သေဆုံးခဲ့တာပါ။
လူနေအိမ်တွေ ကြေမွသွားပြီး ပြည်နယ်တခုမှာ ကားတစီး တိမ်းမှောက်သွားခဲ့ပါတယ်။ ကန်တပ်ကီပြည်နယ်တခုတည်းမှာ ပြင်းထန်တဲ့ ရာသီဥတုကြောင့် လူ ၁၄ ယောက်သေဆုံးခဲ့ပြီး သေဆုံးသူ အရေအတွက် တိုးလာနိုင်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး အန်ဒီဘေရှီးယားက ပြောပါတယ်။
ပြည်နယ်အရှေ့တောင်ပိုင်းက လော်ရဲမြို့နယ်မှာ လေဆင်နှာမောင်း တိုက်ခတ်ပြီးတဲ့နောက် လူ ၉ ယောက် သေဆုံးခဲ့တယ်လို့ ဒေသန္တရ အာဏာပိုင်တွေက ပြောပါတယ်။
ဒဏ်ရာ အပြင်းအထန်ရခဲ့ပြီး အသက်ရှင် ကျန်ရစ်သူတွေကို ရှာနေတယ်လို့ သူက ဆက်ပြောပါတယ်။
ပြင်းထန်တဲ့ ရာသီဥတုကြောင့်ထိခိုက်ဒဏ်ရာရသူ လူ ၃၅ ယောက်ထက်မနည်းကို ဆေးရုံပို့ ခဲ့ပြီး ကလေးဌာနမှာ ၁၅ ယောက်၊ ဘားနက်စ် ဂျူးဝစ်ဆေးရုံမှာ အယောက် ၂၀-၃၀ လောက် ရှိနိုင်တယ်လို့ စိန့်လူးဝစ် ကလေးဆေးရုံနဲ့ ဘားနက်စ် ဂျူးဝစ် ဆေးရုံတွေရဲ့ ပြောရေးဆိုခွင့်ရှိသူက NBC သတင်းဌာနကို ပြောပါတယ်။
အပျက်အစီးအများစုက အန္တရာယ်ရှိတဲ့အတွက် အပျက်အစီးတွေကြောင့် ထိခိုက်ဒဏ်ရာရခြင်း ကနေ ကာကွယ်ဖို့နဲ့ လုယက်နိုင်တဲ့ အလားအလာကို လျှော့ချဖို့ ရဲတပ်ဖွဲ့ခရိုင် ၂ ခုမှာ ည ၉ နာရီကစပြီး မနက် ၆ နာရီအထိ ညမထွက်ရ အမိန့်ကို ထုတ်ပြန်ခဲ့ပါတယ်။
မစ္စစ္စပီ၊ တန်နက်ဆီနဲ့ အိုဟိုင်းယိုးချိုင့်ဝှမ်းဒေသတွေမှာ သောကြာနေ့က မိုးကြိုးမုန်တိုင်းတွေ ပျံ့နှံ့ တိုက်ခတ်ခဲ့တယ်လို့ အမျိုးသားမိုးလေဝသဌာနက ပြောပါတယ်။
မစ်ဆူရီနဲ့ အိမ်နီးချင်း အီလီနွိုက်ပြည်နယ်တို့မှာလည်း လေဆင်နှာမောင်း ဒါဇင်ဝက်ထက်မနည်း တိုက်ခတ်ခဲ့ပြီး နယူးဂျာစီပြည်နယ်မှာ လေဆင်နှာမောင်း တခု အပါအဝင် အတ္တလန္တိတ်ကမ်းရိုးတန်းအထိ ပြင်းထန်တဲ့ ရာသီဥတု အခြေအနေတွေ အစွမ်းကုန် တိုက်ခတ်ခဲ့ပါတယ်။
Source: Reuters