
အမေရိကန်၊ လူဝီစီယားနားပြည်နယ်တောင်ပိုင်း၊ နယူးအော်လင်းစ်မြို့ အော်လင်းန်စ် ပဲရစ်ရှ် အကျဉ်းထောင်ကနေ လူသတ်မှုနဲ့ စွဲချက်တင်ခံထားရသူတွေ အပါအဝင် အကျဉ်းသား ၁၀ ယောက် လွတ်မြောက်သွားတယ်လို့ အာဏာပိုင်တွေက မေ ၁၆ ရက် သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
အကျဉ်းသားတွေ ပျောက်ဆုံးသွားတာကိုတွေ့ရှိခဲ့ပြီးနောက် အချိန် ၂ နာရီကျော်လောက်မှ မြို့တော်ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်။
အော်လင်းန်စ် ပဲရစ်ရှ် အကျဉ်းထောင်ရဲမှူး ဆူဆန် ဟတ်ဆန် က အာဏာပိုင်တွေဟာ မနက် ၈ နာရီ ၃၀ မိနစ် လူဦးရေစစ်ချိန်မှာ အကျဉ်းသားတွေ ထွက်ပြေးလွတ်မြောက်သွားတာကို သိရှိခဲ့တယ် လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒါပေမယ့် သူတို့ဟာ အော်လင်းန်စ် တရားရေးစင်တာကနေ နာရီပေါင်းများစွာစောပြီး ထွက်ပြေသွားကြတယ် လို့ ယူဆရပါတယ်။
ဟတ်ဆန် က အစပိုင်းမှာ စုစုပေါင်း အကျဉ်းသား ၁၁ ယောက် လွတ်မြောက်သွားကြောင်း ပြောခဲ့ပေမယ့် ထွက်ပြေးသွားတယ်လို့ ယူဆရသူတယောက်ကို နောက်ပိုင်း ထောင်ထဲမှာ တွေ့ရှိခဲ့ပါတယ်။
လုံခြုံရေးအရ ချို့ယွင်းမှုပိုင်းမရှိလို့ ပြင်ပအကူအညီမပါဘဲ ဘယ်သူမဆို ဒီအဆောက်အဦထဲကနေ ထွက်သွားနိုင်ဖို့ဆိုတာ နည်းလမ်းမရှိသလို၊ မဖြစ်နိုင်သလောက်မို့လို့ ဖြစ်ပျက်ခဲ့တာတွေကို အတိအကျသိရအောင် လုပ်ဆောင်သွားမယ်လို့ အကျဉ်းထောင်ရဲမှူး ဟတ်ဆန် က ပြောပါတယ်။
လူဝီစီယားနားပြည်နယ် ရဲတပ်ဖွဲ့က လွတ်မြောက်လာသူ ထောင်ပြေးတယောက်ကို နယူးအော်လင်းစ်က နာမည်ကြီး ပြင်သစ်ရပ်ကွက်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီထောင်ပြေးကို ဟိုတယ်ဂိုဒေါင်အတွင်း ကားအောက်မှာ ပုန်းအောင်းနေတာကို တွေ့ရှိခဲ့ပါတယ်။
ကျန် လွတ်မြောက်နေသူတွေကိုလည်း လိုက်ရှာနေပြီး ဒေသန္တရနဲ့ ပြည်နယ် တရားဥပဒေ စိုးမိုးရေးတွေနဲ့ ပူးပေါင်းပြီးတော့ ကျနော်တို့ရဲ့ လက်ထောက်တွေက သူတို့ကို ရှာဖွေပြီး အချုပ်ထဲ ပြန်ပို့ဖို့ မမောမပန်း လုပ်ဆောင်နေပါတယ် လို့ အကျဉ်းထောင်ရဲမှူး ဟတ်ဆန် က ပြောဆိုပါတယ်။
လူဝီစီယားနား ရှေ့နေချုပ် လစ်ဇ်မူရီးလ် က လွတ်မြောက်နေသူတွေက အန္တရာယ်ရှိလို့ အခု အန္တရာယ်ကြုံရနိုင်ခြေရှိတဲ့သူတွေကို အကာအကွယ်ပေးချင်ပါတယ်လို့ Fox News ရုပ်သံကို ပြောကြားခဲ့ပါတယ်။
Source: Reuters