
ဧရာဝတီတိုင်းမှာ အခုပညာသင်နှစ် ကျောင်းအပ်နှုန်းတိုးလာစေဖို့နဲ့ တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေပါ ကျောင်းဖွင့်နိုင်ဖို့ ဆရာ၊ ဆရာမတွေနဲ့ မိဘတွေမှာ တာဝန်ရှိတယ်လို့ စစ်ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ဖိအားပေး ပြောဆိုခဲ့တယ်လို့ ဒေသခံတွေနဲ့ ပညာရေးအသိုက်အဝန်းကနေ သိရပါတယ်။
မေ ၁၅ ရက် မနက်ပိုင်းက ပုသိမ်မြို့ တိုင်းဒေသကြီး ပညာရေးမှူးရုံးရှေ့မှာ ပြုလုပ်တဲ့ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဧရာဝတီတိုင်း ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာစိုက်ထူခြင်း အခမ်းအနားကို တက်ရောက်လာရင်း ဆရာ၊ ဆရာမတွေ၊ ရပ်မိရပ်ဖတွေနဲ့ ပညာရေးဝန်ထမ်းတွေကို ပြောဆိုခဲ့တာပါ။
ပုသိမ်မြို့နယ်က ပညာရေးဝန်ထမ်းတယောက်က “ကောင်စီအဖွဲ့ဝင်က ကျောင်းတက်နှုန်း တိုးလာစေဖို့၊ အောင်ချက်ကောင်းဖို့၊ ကျောင်းထွက်တဲ့သူ မရှိစေဖို့ ပြောတာပေါ့၊ မဖြစ်မနေ လုပ်ကြရမယ်ပြောတာ။ ဒါက လက်တွေ့မှာ မလွယ်လှပါဘူး။ တိုက်ပွဲဖြစ်တဲ့နေရာတွေမှာ ဘယ်လိုစာသင်ကြားရမှာလဲ။ အခု ကျမတို့ ဧရာဝတီတိုင်းမှာကို တိုက်ပွဲတွေက ရှိနေတာ။ ကျောင်းတက်နှုန်း တိုးလာဖို့ဆိုတာက သင်ကြားရေး ဆရာ၊ ဆရာမတွေနဲ့ တိုက်ရိုက်မသက်ဆိုင်ပါဘူး။ ငြိမ်းချမ်းနေရင် ဘယ်နေရာချချ တာဝန်ထမ်းဆောင်ရမှာပဲ” လို့ ပြောပါတယ်။
စစ်ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် အလာကို စောင့်ကြိုဖို့ ကျောင်းသား၊ ကျောင်းသူ ပန်းဖွားအကနဲ့ စောင့်နေရတဲ့သူတွေနဲ့ တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးတွေ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ဆရာ၊ ဆရာမတွေနဲ့ ပညာရေးဝန်ထမ်း အယောက် ၆၀၀ လောက်ကို စစ်ကောင်စီခန့် တိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ကြိုတင်ခေါ်ယူ စောင့်ကြိုခိုင်းခဲ့တယ်လို့ ဆိုပါတယ်။
ပုသိမ်မြို့ခံတယောက်က “မိဘတွေလည်း လျှာထွက်နေပြီ၊ ကျောင်းဖွင့်မယ်ဆိုလည်း ကြောက်နေရော။ ခေါင်းစဥ်အမျိုးမျိုးနဲ့ ငွေကောက်လို့လေ။ မနှစ်ကတည်းက ကောက်သလောက် ငွေမထည့်လို့ ကျောင်းသာပိတ်သွားတယ်၊ ဖတ်စာအုပ်မရတဲ့ ကျောင်းသားတွေ မနည်းဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ကျောင်းအပ်နှံရေး လှုံ့ဆော်တဲ့ ဆိုင်းဘုတ်တင် အခမ်းအနား အလာကို လုံခြုံရေးအတွက် ပုသိမ်မြို့အဝင်က လမ်းမတချို့ကို မနက်ပိုင်းကတည်းက ပိတ်ထားတဲ့အပြင် ရဲတွေနဲ့ စစ်ကောင်စီတပ်ပါ လုံခြုံရေးယူထားတာ တွေ့ရပါတယ်။
ဧရာဝတီတိုင်းထဲက ပုသိမ်၊ ရေကြည်၊ ကျုံပျော်၊ သာပေါင်း၊ လေးမျက်နှာ၊ ငါးသိုင်းချောင်း စတဲ့မြို့နယ်တွေမှာ မေလ ဒုတိယအပတ်အထိ တိုက်ပွဲတွေရှိနေတာကြောင့် တိုက်ပွဲတွေဖြစ်နေတဲ့ ဒေသတွေက ကလေးတွေ ပညာသင်ကြားရေး အခက်အခဲ ရှိနေပါတယ်။