
ငါးမည်ရ ပြည်သူ့ကာကွယ်ရေးအဖွဲ့က အမျိုးသမီး ၂ ယောက်ကို တရားဥပဒေလုပ်ထုံးတွေ စတင်တာမရှိဘဲ ရက်သတ္တပတ် ၂ ပတ်ကျော်ကြာတဲ့အထိ ဖမ်းဆီးထားတာနဲ့ပတ်သက်ပြီး အမျိုးသမီးအဖွဲ့အစည်းတွေက ဝေဖန်လိုက်ပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
ဧပြီ ၁၉ ရက်က စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တိုက်နယ် ၅၊ တက်တူကျေးရွာက အမှတ် ၁၈၄၉ ဒရုန်းတပ်ရင်းက တပ်ဖွဲ့ဝင် အမျိုးသားရဲဘော် ၃ ယောက်နဲ့ အဲဒီရဲဘော်တွေရဲ့ မိသားစုဝင် အမျိုးသမီး ၂ ယောက်ကို ဒေသကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ ငါးမည်ရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
စစ်ကောင်စီတပ်သားတွေ အလင်းဝင်ရောက်မယ်ဆိုပြီး တက်တူကျေးရွာ အုပ်ချုပ်ရေးမှူးကို ငွေကြေးလိမ်လည်တောင်းခံတဲ့ ကိစ္စမှာ ပါဝင်ပတ်သက်နေတယ်ဆိုပြီး ငွေကြေးလိမ်လည်သူရဲ့ ထွက်ဆိုချက်အရ အခုလိုဖမ်းဆီးရတာလို့ ငါးမည်ရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြောပါတယ်။
ဧပြီ ၂၀ ရက်မှာတော့ ဒရုန်းတပ်ဖွဲ့ဝင် ၃ ယောက်ကို ပြန်လည်လွှဲပြောင်းပေးခဲ့ပေမဲ့လည်း တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင် အမျိုးသမီး ၂ ယောက်ကိုတော့ ဆက်လက်ချုပ်နှောင်ထားဆဲဖြစ်ပြီး လက်ရှိအချိန်ထိ မိသားစုဝင်တွေနဲ့ တွေ့ခွင့်မပေးသေးဘဲ ထိန်းသိမ်းထားဆဲဖြစ်တယ်လို့ မိသားစုဝင်နဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။
ငါးမည်ရ ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ ဖမ်းဆီးထားတဲ့ အမျိုးသမီးတွေကို အမြန်ဆုံး ပြန်လွှတ်ပေးပြီးတော့ ဖမ်းဆီးခေါ်ဆောင်သွားချိန်က သိမ်းယူသွားတဲ့ မိသားစုပိုင် အိမ်ဂရမ်၊ တယ်လီဖုန်း၊ ငွေကျပ်သိန်း ၅၀ ကျော်နဲ့ ရွှေထည်ပစ္စည်းတွေကိုလည်း ပွင့်လင်းမြင်သာစွာ ပြန်လည်ပေးအပ်ဖို့ မိသားစုဝင်တွေနဲ့ Shield Women Organization က တောင်းဆိုနေကြပါတယ်။
Shield Women Organization မှ မထိပ်ထားက “ဒီလို ဓားစာခံအဖြစ်နဲ့ ဖမ်းဆီးပြီးတော့ မင်းတို့ ၈ သိန်း ပြန်လျော်ပေး၊ လက်မှတ်ထိုးရင် လွှတ်ပေးမယ်ဆိုပြီး လုပ်နေတာက တအားရုပ်ပေါက်လွန်းပါတယ်။ ဒီလိုမျိုး အမျိုးသမီးတွေကို ဖမ်းဆီးပြီး ဓားစာခံအဖြစ် လုပ်နေတဲ့ လုပ်ရပ်တွေကို ရပ်တန်းကရပ်ပေးပါ။ ဒီအမျိုးသမီးတွေကို လွှတ်ပေးပြီးတော့ တရားဥပဒေအတိုင်း ပွင့်လင်းမြင်သာစွာ တရားစီရင်ရေးကို ပြန်သွားပါ။ ဒီလိုမျိုးလောက် လုပ်နေတဲ့ ကိစ္စကြီးက ပြည်သူတွေကို အကြောက်တရားလွှမ်းမိုးအောင် လုပ်နေတာဖြစ်ပြီး စကစနဲ့ မခြားပါဘူး၊ မလုပ်ကြပါနဲ့၊ ဒါကိုပဲ ကျနော်တို့ အပြည့်အဝ တောင်းဆိုနေတာပါ။ အမျိုးသမီးတွေအပေါ် ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် စိတ်ချရတဲ့ ပတ်ဝန်းကျင်တခု ဖြစ်အောင် ကျနော်တို့က အဆုံးစွန်ထိ သွားမှာဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် နစ်နာသူတွေရဲ့ အခြေအနေကို အရမ်းစိုးရိမ်ပူပန်ပါတယ်” လို့ ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အဓိကပါဝင်ပတ်သက်နေတဲ့ ငါးမည်ရပြည်သူ့ကာကွယ်ရေးအဖွဲ့ကို DVB က ဆက်သွယ်မေးမြန်းရာမှာတော့ တရားရေးဆုံးဖြတ်ချက်ကို စောင့်ဆိုင်းမယ်လို့ ပြန်လည်တုံ့ပြန်ပါတယ်။
ငါးမည်ရပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက “အဲလင်မယားနှစ်ယောက်က ယောကျ်ားလေးနာမည်က ပေါင်ချိန်တဲ့၊ မိန်းမနာမည်က သဲသဲပိုတဲ့၊ မသင်္ကာတော့ဘူးဆိုပြီး ခေါ်ယူစစ်ဆေးလိုက်တာ၊ စစ်ဆေးတဲ့အချိန်မှာ အမှုမှန် တကယ်ပေါ်လာတယ်၊ ဒါပေမဲ့ ဒီလိုမျိုး လိမ်လည်ဖို့အတွက် စီစဉ်ပေးသူ ကြိုးကိုင်သူတွေကတော့ မှုံကြီး အပါအဝင် သူ့ရဲ့မိန်းမ မချိုနှင်း၊ သား သူရိန်ဝင်း၊ သူ့ချွေးမ မအိရွှေဇင်လို့ ၄ ယောက်ဆိုပြီးတော့ ထွက်ဆိုလိုက်တယ်။ လိမ်လည်တဲ့သူရဲ့ ဖြောင့်ချက်ပေးမှု၊ ထွက်ဆိုချက်တွေအရ အခုလို ဖမ်းဆီးရတာဖြစ်ပါတယ်။ ဒါကြောင့် အုပ်ချုပ်ရေးမှူးက တရားလိုအဖြစ် တိုင်ကြားထားတယ်။ မြို့နယ် ပလဖတွေက ထိန်းသိမ်းထားတယ်။ ဒီဟာနဲ့ပတ်သက်ပြီး တရားရေးကို အမှုဖွင့်လာတာ ဖြစ်တဲ့အတွက် သူတို့ လွတ်နိုင်ခြေ ရှိ မရှိ ကိုတော့ တရားရေးကိုပဲ တိုက်ရိုက်မေးမြန်းရမှာဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ အသိသက်သေအဖြစ် ပူးပေါင်းပါဝင်ပေးတာ ဖြစ်ပါတယ်။ ဒါတွေဟာ တရားဥပဒေအတိုင်း ရင်ဆိုင်ရမှာဖြစ်ပြီးတော့ တရားရေးရဲ့ ဆုံးဖြတ်မှုကို စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဒါပေမဲ့ ဒီကနေ့ မေ ၆ ရက် အထိတော့ ဖမ်းဆီးခံ အမျိုးသမီး ၂ ယောက်နဲ့ ပတ်သက်ပြီး တရားဥပဒေအရ စီစဉ်ဆောင်ရွက်စစ်ဆေးမှုတွေ မတွေ့ရသေးပါဘူး။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်တယ်လို့ ယူဆချက်နဲ့ အမျိုးသမီးတွေကို ဖမ်းဆီးမယ်ဆိုရင် ဖမ်းဆီးမယ့်သူဟာ အမျိုးသမီးရဲဘော်ဖြစ်ဖို့ လိုအပ်ပြီး ဖမ်းဆီးခံထားရချိန်မှာလည်း စိတ်လုံခြုံမှုပေးနိုင်ဖို့ လိုအပ်တယ်လို့ အမျိုးသမီးမဟာမိတ်အင်အားစု (WAB) ရဲ့ အဖွဲ့ဝင် မချောစုဟန်က ထောက်ပြပါတယ်။
“ပြစ်မှုကျူးလွန်လို့ ဖမ်းဆီးတာဆိုရင်တော့ လာရောက်ဖမ်းဆီးတဲ့သူဟာ အမျိုးသမီးရဲမေ၊ အမျိုးသမီးရဲဘော်တော့ ဖြစ်ဖို့လိုတယ်။ ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးတွေ လုံခြုံမှု၊ စိတ်လုံခြုံမှု အပြည့်အဝပေးရမယ်။ ဆိုလိုချင်တာက တချို့ ဖမ်းခံရတဲ့ အမျိုးသမီးတွေမှာ မျက်လုံးစည်းခံထားရတယ်၊ မျက်လုံးအုပ်ခံထားရတယ်၊ သူ့ကို ဘယ်ကောင်က ကိုင်လို့ကိုင်မှန်း မသိဘဲနဲ့ ကာယအိန္ဒြေပျက်ပြားအောင် ကိုင်ခံရတဲ့ ဆက်ဆံမှုတွေ၊ ဒါမျိုးတွေ ကြုံရတယ်။ အပေါ့ပါးသွားချင်ရင်ပဲဖြစ်ဖြစ် ယောကျ်ားလေးရဲဘော်က လိုက်ပို့တယ်ဆိုတာ မဖြစ်သင့်ဘူး။ အမျိုးသမီးရဲဘော်တွေပဲ လိုက်ပို့ကြရလိမ့်မယ်။ ဒီလိုမျိုး စနစ်တခုကိုတော့ လုပ်ပေးမှရမယ်။ ဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသမီးတွေအတွက် လုံခြုံမှုပေးနိုင်တဲ့ စိတ်လုံခြုံမှုပေးနိုင်တဲ့ အရာတခု ဖြစ်ဖို့လိုတယ်ပေါ့နော်။”
လက်ရှိ စစ်အာဏာသိမ်းကာလမှာ အမျိုးသမီးတွေအပေါ် ဖိနှိပ်မှုတွေနဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး ကျူးလွန်တဲ့ဖြစ်ရပ်တွေဟာ စစ်ကောင်စီဘက်ကတင် မကဘဲ တချို့ တော်လှန်ရေးတပ်ဖွဲ့တွေကပါ ကျူးလွန်မှုတွေ ရှိနေတာကြောင့် အမျိုးသမီးအရေးလှုပ်ရှားတဲ့ အဖွဲ့တွေက ဖော်ထုတ်တောင်းဆိုမှုတွေ ရှိထားပါတယ်။
ဒါ့အပြင် မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ရဲ့ ကျူးလွန်မှုတွေနဲ့ပတ်သက်ပြီး တိုင်ကြားမှုနဲ့ အရေးယူမှု ယန္တရားတွေကိုလည်း ဝေဖန်ထားကြပါတယ်။
ကေခိုင်