
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းက ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်း မေ ၆ ရက် မနက်ပိုင်းက မိုင်းခွဲခံရပြီး တံတားတစင်း ထိခိုက်ပျက်စီးသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဘီးလင်းမြို့နယ်၊ နှင်းပုလဲဘူတာနဲ့ တောင်စွန်းဘူတာကြားက ရထားလမ်းပိုင်းက တံတားတစင်း မိုင်းခွဲခံရတာကြောင့် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ရထားလမ်းပိုင်းကို စစ်ကောင်စီက ရိက္ခာနဲ့ ထောက်ပို့လမ်းကြောင်း အနေနဲ့ အသုံးပြုနေတာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“အဓိကက သူတို့(စစ်ကောင်စီ)က ကားလမ်းဘက်ကို မလာရဲဘူး။ အဲဒီရထားလမ်းကနေ ရိက္ခာတွေ အမြောက်အမြား ပို့တယ်လို့တော့ သိရတယ်။ သိရတော့ ဒီဘက်က တော်လှန်ရေး အင်အားစုကလည်း လုပ်လိုက်တယ်။ အဲဒီလိုမျိုး လုပ်ချင်းအားဖြင့် စစ်ကောင်စီဘက်ကတော့ ထောက်ပို့လမ်းကြောင်း ဖြတ်လိုက်တဲ့အတွက် အများကြီး ထိခိုက်နိုင်တယ်လို့ ယူဆတယ်။”
ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းက တံတားကို မိုင်းခွဲဖျက်ဆီးခံရတာကြောင့် စစ်ကောင်စီက သထုံမြို့နယ်၊ ဒူရင်းဆိပ်ကျေးရွာနဲ့ ငှက်ပျောတောကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အဆိုပါ ရထားလမ်းပိုင်းကို စစ်ကောင်စီတပ်ဘက်က အသုံးပြုပြီး မော်လမြိုင်မြို့ အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကို လက်နက်ခဲယမ်း ပို့ဆောင်တာတွေ အဓိက လုပ်ဆောင်နေတဲ့အပြင် ခရီးသွားပြည်သူတွေပါ အသုံးပြုနေတာပါ။
မေ ၃ ရက် ည ၁၂ နာရီလောက်ကလည်း မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မော်လမြိုင်-ရန်ကုန် လမ်းမပေါ်က မိုးကောင်းတံတား ဒုတိယအကြိမ် မိုင်းပေါက်ကွဲပြီး ပြိုကျပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။