
ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့ရှိ ဆောက်လုပ်ရေးဆိုက်တခုမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ဇနီးမောင်နှံဟာ ထိုင်းအစိုးရထီရဲ့ အမြင့်ဆုံး ဘတ် ၆ သန်းဆု ပေါက်ပြီး ကံထူးရှင်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
အခု မေ ၂ ရက် နေ့လယ်ပိုင်းက ဖွင့်လှစ်ခဲ့တဲ့ ထိုင်းအစိုးရထီဖွင့်ပွဲမှာ ၂၁၃၃၈၈ ဂဏန်းနဲ့ ဘတ် ၆ သန်းဆုပေါက်ပြီး ကံထူးရှင်ဖြစ်ခဲ့တာပါ။
ကံထူးရှင် ဇနီးမောင်နှံက “ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့ ညနေပိုင်းက အလုပ်ကပြန်လာတော့ သားလေးကို ထီလက်မှတ် သွားဝယ်ခိုင်းလိုက်တာ အဲဒီထီလက်မှတ်ကနေ ဘတ် ၆ သန်းဆု ပေါက်တာပါ။ မထင်မှတ်ဘဲ ထီပေါက်တော့ အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရပါတယ်” လို့ ပြောပါတယ်။
ထီဆုပေါက်သူ ဇနီးမောင်နှံဟာ ဆုငွေထုတ်ယူရေးကိစ္စနဲ့ပတ်သက်ပြီး ထိုင်းရောက် မြန်မာလုပ်သားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ M.H.A.C မဟာမိတ် ကိုရဲမင်းအဖွဲ့ကို ဆက်သွယ် အကူအညီတောင်းခံခဲ့တာကြောင့် ရုံးအဖွဲ့က ဒီနေ့ မေ ၆ ရက်နေ့မှာပဲ နေ့ချင်း ဆုငွေထုတ်ယူပေးခဲ့ပြီး ကာယကံရှင် ဇနီးမောင်နှံရဲ့ လက်ဝယ်ကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေဟာ သူတို့ ထိုင်းအစိုးရထီ ဘတ် ၆ သန်းဆုကြီးပေါက်တဲ့ အကြိမ်တိုင်းလိုလို မသမာသူတွေရဲ့ ငွေကြေးလည်လိမ်ခြင်းမခံရစေဖို့ ထိုင်းရောက် မြန်မာလုပ်သားတွေ အားထားရတဲ့ မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူလည်းဖြစ်တဲ့ ကိုရဲမင်း ဦးဆောင်တဲ့ M.H.A.C မဟာမိတ်အဖွဲ့ကို ဆက်သွယ်ပြီး ဆုငွေထုတ်ယူပေးဖို့ အကူအညီတောင်းခံကြတယ်လို့ သိရပါတယ်။
M.H.A.C မဟာမိတ်အဖွဲ့အနေနဲ့ ထိုင်းအစိုးရထီရဲ့ အမြင့်ဆုံး ဘတ် ၆ သန်းဆုပေါက်တဲ့ ထိုင်းရောက် မြန်မာအလုပ်သမားတွေကို အခုအကြိမ်နဲ့ပါဆိုရင် ဆုငွေထုတ်ယူရာမှာ လိုက်ပါကူညီဆောင်ရွက်ပေးခဲ့မှုပေါင်း နှစ်စောင်တွဲ ကံထူးရှင် ၇ ဦး အပါအဝင် ကံထူးရှင် ၅၇ ဦးအထိ ရှိပြီလို့ ကိုရဲမင်းက ပြောပါတယ်။