မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသား/သူတွေ အပါအဝင် တခြားအကျဉ်းသားတွေအနေနဲ့ ဆေးဝါးကုသခွင့် လုံလောက်စွာ မရရှိမှု၊ ရက်လွန်နေတဲ့ ဆေးဝါးတွေနဲ့ အယောင်ပြဆေးဝါးပေးမှုတွေကို ရပ်တန့်ပေးဖို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့က မိတ်ဘက်အဖွဲ့တွေနဲ့ ပူးပေါင်းလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က စတင်သိမ်းယူခဲ့တဲ့ စစ်တပ်ဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ ပြည်သူတွေကို လက်နက်တွေနဲ့ အကြမ်းဖက် ဖြိုခွင်းခဲ့သလို အသက်မပြည့်သေးတဲ့ ကလေးတွေနဲ့ အမျိုးသမီးတွေ အပါအဝင် ပြည်သူလူထုကို အကျဉ်းထောင်တွေထဲမှာ မတရား ဖမ်းဆီးထောင်ချခဲ့ပါတယ်။
လက်ရှိ မြန်မာနိုင်ငံ နေရာအနှံ့အပြားရှိ အကျဉ်းထောင် အသီးသီးမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ ၅၀၀၀ ကျော်ရှိကြောင်း၊ ထောင်အာဏာပိုင်တွေက နိုင်ငံရေး အကျဉ်းသူတွေကို ဖိနှိပ်ရုံသာမက စားသောက်ရေး၊ နေထိုင်ရေးကိစ္စတွေကိုလည်း ကန့်သတ်မှုများစွာ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ဒ့ါအပြင် ကျန်းမာရေးမကောင်းတဲ့ နိုင်ငံရေးအကျဉ်းသူတွေကိုလည်း လုံလောက်စွာ ကျန်းမာရေးစောင့်ရှောက်မှုမပေးတာ၊ အပြည့်အဝမရရှိတာ၊ ဆေးဝါးမလုံလောက်မှုကြောင့် သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူတွေ အများအပြား ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့က မေ ၅ ရက်က ထုတ်ပြန်ထားပါတယ်။