
မလေးရှားနိုင်ငံ စက်ရုံအဆောင်တခုမှာ မြန်မာအလုပ်သမားတယောက် ဓားဒဏ်ရာနဲ့ သေဆုံးခဲ့ တာကြောင့် ၁၁ ယောက်ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ The Sun Malaysia သတင်းတပုဒ်မှာ မေ ၃ ရက်က ဖော်ပြပါတယ်။
ဒါဟာ ပီနန်းပြည်နယ်ထဲက ဘူကစ်မင်ည စက်ရုံအလုပ်သမားအဆောင်တခုထဲမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မနက် ၉,၂၀ နာရီလောက်က အိပ်ဆောင်အတွင်း သတိလစ်ပြီး သွေးအိုင်ထဲ လဲကျနေတဲ့ နိုင်ငံခြားသားတယောက် တွေ့ရှိခဲ့ကြောင်း သတင်းပေးချက်ရရှိခဲ့တာလို့ မလေးရှား ရဲတပ်ဖွဲ့ လက်ထောက်ရဲမင်းကြီး ဟယ်လ်မီ အာရီးစ်က ပြောပါတယ်။
ပဏာမစုံစမ်းစစ်ဆေးမှုတွေအရ သေဆုံးသူဟာ အသက် ၃၀ ဝန်းကျင် အမျိုးသားဖြစ်ပြီး တခြားသူတွေနဲ့ အဆောင်မှာ အတူနေထိုင်သူဖြစ်ကာ ဒီဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရာမှာ ကူညီပေးဖို့ အဲဒီမှာ နေထိုင်တဲ့ နိုင်ငံခြားသား ၁၁ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ ဖော်ပြပါတယ်။
လတ်တလောမှာတော့ သူတို့ကို စုံစမ်းစစ်ဆေးရာမှာ လွယ်ကူချောမွေ့စေရေးအတွက် တရားရုံးမှာ ချုပ်ရက် ရမန်ရယူသွားမယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့အနေနဲ့ ဒီဖြစ်စဉ်အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပေမဲ့ မြန်မာလုပ်သားအချင်းချင်း ခိုက်ရန်ဖြစ်ပွားရာကနေ ကျူးလွန်ခဲ့တာလား ဆိုတာကိုတော့ တိတိကျကျ ပြောဆိုနိုင်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။
လက်ထောက်ရဲမင်းကြီး ဟယ်လ်မီ အာရီးစ်က အခင်းဖြစ်ပွားရာနေရာကနေ ထွက်ပြေးသွားတဲ့ အဓိကသံသယရှိသူ အပါအဝင် သေဆုံးသူရဲ့ အဖော်တွေကို ခြေရာခံနေပြီး သူတို့ဟာ ပြည်နယ်ထဲမှာပဲ ရှိနေမယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။
လတ်တလောမှာတော့ သေဆုံးသူရဲ့ ရုပ်အလောင်းကို ဆေးရုံကို ခွဲစိတ်စစ်ဆေးဖို့ ပို့ဆောင်ထားပြီး လူသတ်မှု ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
သေဆုံးသူမှာတော့ ဦးခေါင်းကို ဓားနဲ့ ထိုးခံထားရပြီးတော့ သူတို့အချင်းချင်း နားလည်မှု လွဲမှားရာက ဖြစ်တယ်လို့ ယူဆရတဲ့အကြောင်း သတင်းမှာ ဖော်ပြပါတယ်။
Source: The Sun Malaysia