
လျှပ်စစ်မီးပြတ်တာကို အော်ဟစ်ပြောဆိုနေတာကြောင့် ဧရာဝတီတိုင်း၊ ပုသိမ်က အရပ်သား လူငယ် ၅ ယောက်ကို စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မေ ၃ ရက် မနေ့ည ၉ နာရီဝန်းကျင်က ပုသိမ်မြို့ အမှတ် ၁၃၊ တိုးချဲ့နယ်မြေက လူငယ် ၅ ယောက်ဟာ လျှပ်စစ်မီးပြတ်တာကို အရပ်ထဲလျှောက်အော်ပြောဆိုတာကြောင့်ဆိုပြီး စစ်ကောင်စီတပ်က ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
ပုသိမ်ဒေသခံတယောက်က “လမ်းလျှောက်လာရင်း မီးဖြတ်သွားတာကို ပြောမိတာပေါ့နော်။ လူငယ်တွေဆိုတော့ မထိန်းသိမ်းဘဲ အော်ဟစ်ပြောမိတာ။ သူတို့ ပြောနေတာကို ရာအိမ်မှူး အောင်နိုင်ဦးကကြားသွားပြီး တပ်ကိုဖုန်းဆက်အကြောင်းကြားတာ။ စစ်တပ်ခေါ်ဖမ်းခိုင်းတာ” လို့ ပြောပါတယ်။
အဖမ်းခံရတဲ့ အရပ်သားတွေဟာ အမှတ် ၁၃၊ တိုးချဲ့ နယ်မြေကဖြစ်ပြီး စစ်ကောင်စီတပ်က ဘယ်ကို ဖမ်းခေါ်သွားတယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။
ပုသိမ် အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “မီးကတော့ ပြတ်လို့ပြတ်တယ်ပြောတာလေ။ အရမ်းဆိုးတဲ့ ရာအိမ်မှူးကြားသွားတော့ အခုလိုအဖမ်းခံထိတာ။ မီးမလာလို့ ပြောမိတာလောက်နဲ့တော့ မဖမ်းသင့်ဘူးပေါ့။ အဖမ်းခံရတဲ့ ကောင်လေးတွေက နာမည်တော့ထည့်မပြောပါဘူး။ မီးလေးတောင်မှန်အောင် အဖြစ်ရှိရှိမလုပ်နိုင်ဘူးလို့ ပြောမိတာလို့သိရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ဧရာဝတီတိုင်း တတိုင်းလုံးနီးပါး မကြာခဏ လျှပ်စစ်မီးပြတ်တောက်နေတာဖြစ်ပြီး အင်အားပြင်း စစ်ကိုင်းငလျင်းလှုပ်ခတ်ပြီးနောက် မီးပြတ်တောက်တာ ပိုဆိုးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါကြောင့် လျှပ်စစ်ကိုအားထားနေရတဲ့ ရေသန့်နဲ့ စားသောက်ဆိုင် လုပ်ငန်းတွေအပါအဝင် အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေလည်း အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။