
ဧရာတီတိုင်းက တချို့မြို့တွေမှာ သောက်ရေသန့် ၂၀ လီတာ ၁ ဘူးကို ဘူးအခွံအပါ ကျပ် ၂၀,၀၀၀ အထိ ရုတ်တရက် ဈေးတက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလဒုတိယအပတ်က အချိန်အခါမဟုတ် မိုးဒဏ်ကြောင့် ရေမသန့်တာတွေ ဖြစ်ပြီးနောက် ဈေးတက်လာတာဖြစ်ပြီး ဒီမတိုင်ခင်ကတော့ ရေသန့် ၂၀ လီတာ ဘူးခွံပါ ၁ ဘူးကို ကျပ် ၁၀,၀၀၀ လောက်ပဲ ရှိခဲ့တာပါ။
ကျိုက်လတ်မြို့နယ်ဒေသခံ အမျိုးသမီးတယောက်က “ရေသန့်ဘူးတွေက အခုလို ရေတွေ အခက်အခဲမဖြစ်ခင်က ဘူးခွံမပါ ကျပ် ၁,၅၀၀ နဲ့ ဝယ်လို့ရတာ။ ရုတ်တရက် ဆိုသလို ဈေးထိုးတက်သွားတာ။ အရင်က ဘူးအခွံပါယူရင်တော့ ကျပ် ၁၀,၀၀၀ ပေးရတာပေါ့။ မလွယ်ဘူး၊ ရေတွေ အနံ့ပြောင်း၊ အရောင်ပြောင်းဖြစ်တာနဲ့ ဈေးကထိုးတက်ခဲ့တာ” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းမှာ ရေမသန့်တာ၊ သောက်ရေသန့်ဈေးတွေ ထိုးတက်နေတာကြောင့် ငွေကြေးမတတ်နိုင်သူတွေဟာ လာလှူနေတဲ့ ရေသန့်တွေကိုပဲ အားကိုးနေရသလို မသန့်တဲ့ရေတွေကို ကျိုချက်သောက်နေရတယ်လို့ သိရပါတယ်။
ရေသန့်လှူပေးနေသူ တယောက်က “ရေတွေက သောက်မရ၊ သုံးမရဖြစ်တာ။ နီညိုရောင်တွေ ဖြစ်ပြီး အနံ့တွေ ပြောင်းကုန်တာ။ စေတနာရှင်တွေက ရေတွေ လှူပေးနေတာ။ ရေသန့်ဈေးကတော့ ခေါင်ခိုက်နေတယ်။ ဒီလိုအခြေအနေတွေဖြစ်ချိန်မှာ ဈေးတွေ ထိုးတင်ရောင်းတာတော့ မလုပ်သင့်ဘူးပေါ့။ လှူတဲ့သူတွေတောင် လှူနေရတာ” လို့ ပြောပါတယ်။
ဧရာတီတိုင်းမှာ ရေအရောင်ပြောင်း အနံ့ဆိုးထွက်နေတဲ့ ကျိုက်လတ်၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ဝါးခယ်မ စတဲ့မြို့နယ်တွေမှာ ရေသန့်ဈေး တက်နေတာလို့ သိရပါတယ်။
ဧရာတီတိုင်းမှာ ဧပြီလဒုတိယအပတ်က အချိန်အခါမဟုတ် မိုးတွေရွာပြီးနောက် ဒေသခံတွေ သောက်သုံးရေအဖြစ် အသုံးပြုနေတဲ့ ချောင်းရေနဲ့မြစ်ရေတွေ အရောင်ပြောင်း အနံ့ပြောင်းပြီး သောက်သုံးလို့မရတဲ့အထိ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အနံ့ပြောင်း အရောင်ပြောင်းသွားတဲ့ ရေကြောင့် ငါးတွေသေဆုံးပြီး ပုပ်ကုန်လို့ အခု မေလ ပထမအပတ်အထိ ရေဟာ ပုံမှန်အခြေအနေ မဖြစ်သေးဘူးလို့လည်း သိရပါတယ်။