
အမေရိကန်ရဲ့ စည်းကြပ်ခွန်နဲ့ မြန်မာနိုင်ငံအကျပ်အတည်း အပါအဝင် ဒေသတွင်းပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အာဆီယံ စုပေါင်းချဉ်းကပ်မှုအားရဲ့ အရေးပါမှုကို အလေးထားကြောင်း မလေးရှားဝန်ကြီးချုပ်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး မေ ၁ ရက်ထုတ် မလေးရှား The Sun သတင်းမှာ ဖော်ပြပါတယ်။
မလေးရှားဝန်ကြီးချုပ် အန်နဝါအီဗရာဟင်က အာဆီယံဒေသတွင်း ဘုံအကျိုးစီးပွားကို ထိခိုက်စေတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့လည်း ဘရူနိုင်း၊ လာအိုနဲ့ အင်ဒိုနီးရှားခေါင်းဆောင်တွေနဲ့ သီးခြားဖုန်းခေါ်ဆိုကာ ဆွေးနွေးခဲ့တယ်လို့လည်း ပြောပါတယ်။
အန်နဝါအီဗရာဟင်က “မလေးရှား၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီးကတဆင့် မလေးရှားက အမေရိကန် အာဏာပိုင်တွေနဲ့ မကြာသေးမီက ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သူတို့ကို အသိပေးခဲ့ပါတယ်။ အာဆီယံဥက္ကဋ္ဌအနေနဲ့ မလေးရှားဟာ အထူးသဖြင့် အဖွဲ့ဝင်နိုင်ငံ အားလုံးကိုယ်စား စေ့စပ်ညှိနှိုင်းရေးလမ်းခင်းရာမှာ ဒေသတွင်းစုပေါင်းအသံကို ယူဆောင်လာပါတယ်”လို့ပြောပါတယ်။
ဒါ့အပြင် မလေးရှားဝန်ကြီးချုပ်က မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိုင်းနိုင်ငံမှာ တွေ့ဆုံချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့လည်း အွန်လိုင်းပေါ်ကတဆင့် တွေ့ဆုံခဲ့ပြီး နောက်ဆုံးရ သတင်းအချက်အလက်တွေ မျှဝေခဲ့တယ်လို့လည်း ပြောပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်ပြီး မလေးရှား ဝန်ကြီးချုပ်ဟာ စင်ကာပူဝန်ကြီးချုပ် လောရန့်ဝေါင်း၊ ကမ္ဘာဒီးယားဝန်ကြီးချုပ် ဟွန်မာနတ်တို့ကို တယ်လီဖုန်းနဲ့ သီးခြားဆက်သွယ်ဆွေးနွေးရာမှာလည်း ထည့်သွင်းပြောဆိုခဲ့တယ်လို့ သူ့ရဲ့လူမှုကွန်ရက်မှာ ထုတ်ပြန်ထားပါတယ်။
စင်ကာပူနဲ့ ကမ္ဘောဒီးယားခေါင်းဆောင် ၂ ဦးစလုံးကလည်း မြန်မာနိုင်ငံမှာ ရေရှည်ခိုင်မာတဲ့ ငြိမ်းချမ်းရေးရဖို့ အပြုသဘောဆောင်တဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ကြိုဆိုတယ်လို့ တုံ့ပြန် ပြောခဲ့ကြပြီး မြန်မာပြည်မှာ သက်ဆိုင်သူအားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးတွေ ဖြစ်လာဖို့ အာဆီယံဥက္ကဋ္ဌအဖြစ် မလေးရှားရဲ့ အစပျိုးလုပ်ဆောင်မှုတွေကို ထောက်ခံအားပေးတဲ့ အကြောင်း အခိုင်အမာပြောဆိုခဲ့တယ်လို့လည်းဆိုပါတယ်။
ဒေသတွင်း ချစ်ကြည်ရင်းနှီးမှု စိတ်ဓာတ်နဲ့ ဘရူနိုင်း၊ လာအိုနဲ့ အင်ဒိုနီးရှားတို့က မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနဲ့ အာဆီယံတခွင် ငြိမ်းချမ်းရေးတို့အတွက် အပြုသဘော ဆောင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ မြှင့်တင်လုပ်ဆောင်သွားဖို့ မလေးရှားနိုင်ငံရဲ့ ကြိုးပမ်း အားထုတ်မှုတွေကို ထောက်ခံကြောင်း ဖော်ပြခဲ့ကြတယ်လို့လည်း မစ္စတာ အန်ဝါက ပြောပါတယ်။
Source : The Sun Malaysia