Home
မြန်မာသတင်း
Burma Act ကို အမြန်ဆုံးအသက်သွင်းရန် ကန်လွှတ်တော်အမတ်များ တွန်းအားပေး
DVB
·
April 29, 2025

အမေရိကန်အစိုးရက အတည်ပြုပြဋ္ဌာန်းပြီးဖြစ်တဲ့ မြန်မာပြည်ဆိုင်ရာ ဥပဒေ Burma Act ကို အဆောတလျင် အသက်သွင်းပြီး မြန်မာပြည်သူတွေကို အကူအညီပေးနိုင်ဖို့ အမေရိကန်လွှတ်တော်အမတ်တွေက သမ္မတဒေါ်နယ်ထရမ့်ပ် အစိုးရကို တွန်းအားပေးနေပါတယ်။

Burma Research Institute က စီစဉ်တဲ့ အမေရိကန်ဆီးနိတ်အမတ်တွေနဲ့ ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်တွေရဲ့ မြန်မာ့အရေးအပေါ် အမြင်သဘောထား ပေါင်းစပ်ရှင်းလင်းပွဲကို ဒေသစံတော်ချိန် ဧပြီ ၂၈ ရက် မွန်းလွဲပိုင်းက အမေရိကန်လွှတ်တော် နိုင်ငံတကာရေးရာ ကော်မတီအစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့တာပါ။

စစ်ကောင်စီက ငလျင်လှုပ်ပြီးချိန်မှာတောင် လေကြောင်းတိုက်ခိုက်မှုတွေ မရပ်ဘဲ ထိုးစစ်ဆင်နေတာ၊ ဘာသာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ စတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အမေရိကန်လွှတ်တော်အမတ်တွေက သူတို့ရဲ့အစိုးရအပေါ် တွန်းအားပေး ဆောင်ရွက်နေတာတွေကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။

အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါးလရှီလက အွန်လိုင်းကနေတဆင့် ပါဝင်ခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ကတော့ လူကိုယ်တိုင်တက်ရောက်ခဲ့ပါတယ်။

နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန် အငြိမ်းစား သံအမတ်ကြီး ဆမ်ဘရောင်းဘက်ခ်က “ပေါ်လစီအဖြေရှာချက်က ဒီမှာရှိပါတယ်၊ The Burma Act ၊ ကျနော်တို့ ဖြေရှင်းချက် နောက်တခုရှာဖို့ မလိုပါဘူး။ ဒီဥပဒေကို အသက်သွင်းပြီး အကောင်အထည် ဖော်ရမှာ ဖြစ်ပါတယ်။ ကျနော်တို့က အမှန်တကယ် ဖြစ်လာအောင်လုပ်ဖို့ လိုပါတယ်။ ကျနော်တို့က အခု Cold War စစ်အေးခေတ်ကို ပြန်ရောက်သလို ဖြစ်နေတယ်။ ဒါပေမဲ့ ဒီ Cold War က ပူလောင်ပါတယ်။ ဒါက အရှေ့အလယ်ပိုင်းမှာ ပူလောင်နေတယ်၊ ယူကရိန်းမှာ ပူလောင်နေတယ်၊ အခု မြန်မာပြည်မှာ ပူလောင်နေပါတယ်။ စစ်အေးခေတ် အခြေအနေကို ပြန်ရောက်နေတာပါ။ လူတွေဟာ နေ့စဉ် ပစ်ခတ် သတ်ဖြတ်ခံနေရတယ်၊ အခု ကျနော်တို့က ဘယ်မှာ ရောက်နေတယ်ဆိုတာကို သေသေချာချာ သုံးသပ်ပြီး ပြောရမှာဖြစ်ပါတယ်။ ကျနော်တို့ဟာ မြန်မာနဲ့ မဟာမိတ်ဖြစ်ပြီး သေချာပေါက်အနိုင်ရမှာပါ၊ ကျနော်တို့သာ လျစ်လျူမရှုထားဘူး ဆိုရင်ပေါ့လေ။ ကျနော်တို့ သေချာပေါက်အနိုင်ရမယ့် အခြေအနေ ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုဟာ တိုင်းပြည်မှာ ဩဇာမရှိတော့ပါဘူး။ ပြည်သူတွေက သူတို့ကို မုန်းနေပြီ။ ကျနော်တို့က အနိုင်ရမယ့်အခွင့်အရေးရှိနေပါပြီ။ ဒါကို ကျနော်တို့က ဘာကြောင့် လျစ်လျူရှုထားရမှာလဲ” လို့ ပြောပါတယ်။

လက်ရှိ ထရမ့်ပ်အစိုးရဟာ ခရစ်ယာန်ဘာသာရေးအသိုက်အဝန်းအပေါ် အလေးထားဆက်ဆံမှု ရှိနေတာကြောင့် မြန်မာ့အရေးအပေါ် အစိုးရရဲ့အာရုံစိုက်မှု ပိုရလာအောင် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေက ဘာသာရေးလွတ်လပ်ခွင့် ရှုထောင့်ကနေ ချဉ်းကပ်နေကြတာပါ။

သမ္မတဟောင်း ဂျိုးဘိုင်ဒင် လက်ထက်မှာ အတည်ပြုထားတဲ့ Burma Act ဟာ အမေရိကန် အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ NDAA အောက်မှာ အကျုံးဝင်နေတာဖြစ်ပြီး မြန်မာ့အရေးဟာ အမေရိကန်နိုင်ငံရဲ့ လုံခြုံရေးအပေါ် သက်ရောက်မှုရှိနေတဲ့အတွက် ဥပဒေတရပ်အဖြစ် ပြဋ္ဌာန်းခဲ့တာလို့ လေ့လာသူတွေက မှတ်ချက်ပြုထားပါတယ်။

မြန်မာ့အရေးဟာ ထူးခြားတဲ့ ခြိမ်းခြောက်မှုအဖြစ် ဆက်ရှိနေကြောင်း ဇန်နဝါရီ ၂၀ ရက်နေ့မှာ သမ္မတထရမ့်ပ်ရဲ့ အိမ်ဖြူတော်က ထုတ်ပြန်ထားပြီး နောက်ပိုင်းမှာတော့ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ ကန်အစိုးရရဲ့လှုပ်ရှားမှုသတင်းတွေ ပြန်ငြိမ်သက်ခဲ့ပါတယ်။

Burma Research Institute  ဥက္ကဋ္ဌ ဇိုသုန်းမှုန်က “ငလျင်လှုပ်ပြီးမှ အခု US အစိုးရကနေ ဒေါ်လာ ၉ သန်းပဲ အကူအညီပေးတယ်။ ကျနော်တို့ကတော့ ပိုပြီးတော့ များများပေးစေချင်တယ်။ အဲဒါတချက်၊ နောက်တချက်က အခု လေကြောင်းကနေလည်း ဆက်လက်ပြီးတော့ တိုက်ခိုက်နေတယ်။ အပစ်ရပ် ကြေညာပြီးလည်း တိုက်ခိုက်နေတယ်။ ငလျင်လှုပ်ပြီးတော့ ဒီလောက် ကြိုးစားပြီးတော့ အလုပ်လုပ်နေရတဲ့အချိန်မှာလည်း ဆက်လက်ပြီးတော့ တိုက်ခိုက်တယ်။ ဒါကြောင်မို့ ဒီလေကြောင်းကနေ တိုက်ခိုက်နေတဲ့ဟာ ဘာသာရေး အဆောက်အအုံ၊ ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်၊ ခရစ်ယာန်ပဲဖြစ်ဖြစ် တိုက်ခိုက်နေတဲ့ဟာ၊ ပြည်သူကို တိုက်ခိုက်နေတဲ့ဟာ ရပ်တန့်ဖို့ US အစိုးရကနေ ကူညီသင့်တယ်ဆိုပြီးတော့ ဒီအချက် ၂ ချက်ကို အဓိကထားပြီးတော့ ကျနော်တို့ ရှင်းလင်းပွဲလုပ်တာဖြစ်ပါတယ်”လို့ ပြောပါတယ်။

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ပြည်သူ ၂ သန်းဝန်းကျင် အရေးပေါ် အကူအညီတွေ လိုအပ်ခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်တွေက ဖော်ပြပါတယ်။

Burma Act ပါ ပြဋ္ဌာန်းချက်တွေအရ မြန်မာ့အရေးအတွက် အကူအညီပေးမယ့် ဒေါ်လာသန်း ၁၂၀ ဝန်းကျင်ဟာလည်း မြေပြင်ကို အနည်းငယ်သာ စီးဆင်းမှုရှိခဲ့ပြီး သမ္မတထရမ့်ပ် အမိန့်နဲ့ USAID လုပ်ငန်းတွေ ရပ်နားထားပြီးနောက်မှာတော့ ကျန်နေတဲ့ အကူအညီအားလုံးနီးပါး ရပ်တန့်နေခဲ့တာ ဖြစ်ပါတယ်။

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024