
တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ တိုင်းရင်းသားနယ်မြေတွေနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေအကြောင်း မနှစ်တုန်းက ရေးခဲ့ပါသေးတယ်။ အခု ဒီနှစ်မှာတော့ အငြင်းပွားမှုက ပိုပြီး လူသိများလာခဲ့တယ် ဆိုရမှာပါ။ လက်လှမ်းမီသလောက် သတင်းတွေအရဆိုရင် ယခုနှစ် ဇန်နဝါရီလလောက်ကတည်းက ကြိုးကြားကြိုးကြား ဖြစ်လာခဲ့ကြတာ အခု မတ်လပိုင်းအထိတိုင်အောင်ပဲ။
လတ်တလော အငြင်းပွားမှုတွေမှာ အများစုကတော့ KIA နဲ့ TNLAတို့ ကြားမှာ ဖြစ်ကြတာပါ။ ခုက ရုပ်သံဗီဒီယိုဖိုင်တွေ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့ခဲ့ဝာာဆိုတေ့ာ လူထုကြား စိတ်ပူစရာ၊ ပြောစရာတွေ ပိုဖြစ်သွားခဲ့ရတာပေါ့။ ဒါက ရှမ်းမြောက်ပိုင်းမှာပဲ ရှိပါသေးတယ်။ ကျန်တဲ့ဒေသတွမှာတော့ ခုလိုမျိုး မတွေ့ရသေးပါဘူး။ မတွေ့ရသေးတာဟာ မဖြစ်တာလို့တော့ တိုက်ရိုက် ကောက်ချက်ချလို့ မရပါဘူး။
ချင်းပြည်နယ်၊ ပလက်ဝ နယ်မြေဟာ အခုတော့ ငြိမ်နေတယ်လို့ ဆိုရမလားပဲ။ ဒါပေမဲ့ ချင်းပြည်နယ်ရဲ့ တခြားနယ်မြေတွေမှာလည်း အငြင်းပွားမှုတချို့ရှိတယ်လို့ ဒေသခံ တချို့ဆီက ကြားရပါတယ်။
တကယ်တော့ ဒီလိုနယ်မြေအငြင်းပွားမှုတွေဟာ ၂၀၂၁ နွေဦးတော်လှန်ရေးမတိုင်ခင်ကတည်းက ရှိခဲ့ကြတာပါ။ ဆိုရှယ်မီဒီယာ အားမကောင်းသေးတာကြောင့် ဟိုးလေးတကျော် မဖြစ်ခဲ့ရတာပါ။ တခြား အကြောင်းရင်းအချက်တချို့လည်း ရှိခဲ့ကြမှာပေါ့လေ။ ဘာပဲပြောပြော အခုလို နယ်မြေ အငြင်းပွားမှုတွေမှာ ထိုးကြကြိတ်ကြ၊ ရိုက်နှက် ကန်ကြောက်ကြ၊ သေနတ်ဖောက်ကြ (ကွတ်ခိုင်က KIA ဆက်ဆံရေးရုံးကို TNLAဝင် တော့ သေနတ် မိုးပေါ်ထောင်ဖောက်တယ်လို့ သတင်းမီဒီယာတွေမှာ တွေ့ရ)တာ တွေ့တော့ မြန်မာပြည်သူတယောက်အနေနဲ့ စိတ်ပျက်ရပါတယ်။ ဝမ်းနည်းရပါတယ်။
စိတ်ပျက်ရတာကတော့ “ဪ… ကိုယ် ယုံကြည်ထား၊ အားကိုးထားရတဲ့ အဖွဲ့တွေက ဒီလိုတွေ လုပ်နေကြတာ၊ စစ်သက်က ရှည်ဦးမှာပဲ၊ စစ်ခွေးတောင် အမြစ်မပြတ်သေးဘူး၊ အခုက နယ်မြေ ကိစ္စ စလာကြပြီ" ဆိုပီး ခံစားမိလို့ပါ။ ဝမ်းနည်းမိတာကတော့ “ငါတို့ပြည်သူတွေဘဝ အတော် ကံဆိုးတာပဲ၊ နှစ် ၇၀ ကျော် ပြည်တွင်းစစ်ကို ရင်ဆိုင်လာရပြီး၊ အခု အဲဒီပြည်တွင်းစစ် တရားခံ စစ်တပ်ကို အမြစ်ဖြတ်ဖို့ လုပ်နေချိန်မှာပဲ ငါတို့ အားကိုးအားထားရတဲ့ အဖွဲ့တွေက မညီမညွတ်ဖြစ်၊ ရန်တွေဖြစ်၊ စစ်သက်က ပိုရှည်ဦးမှာ၊ ငါတို့ ဘယ်သူကို သွားပြီး အားကိုးရတော့မှာလဲ ဆိုပြီး တွေးမိတာကြောင့်ပါ"
KIA နဲ့ TNLA ရောက မဟာမိတ်တွေပါ။ မဟာမိတ်စာချုပ်အရ နှစ်ဖွဲ့ကြား ပေါ် ပေါက်လာတဲ့ အငြင်းပွားမှုတွေကို မိတ်ဖက်ပဋိပက္ခအဖြစ် သတ်မှတ်မယ်လို့ သဘောတူထားကြတာပါ။ ဒါဆို အခုလို ထိုးကြ၊ ကြိတ်ကြ၊ ဖမ်းကြ၊ ကန်ကြက မိတ်ဘက် ပဋိပက္ခ ဖြေရှင်းနည်းလားလို့ မေးရတာ့မှာပါပဲ။
နှစ်ဖက် ပြောရေးဆိုခွင့်ရှိသူတွေကတော့ ညှိနှိုင်းဖို့ ကြိုးစားနေပါတယ်၊ ဆွေးနွေးဖို့ ကြိုးစားနေပါတယ်လို့ ပြောနေပေမယ့် လက်တွေ့အရ ဘာမှ ဖြစ်မလာသေးပါဘူး။ ဒါတွေကို မညှိနှိုင်းဘဲ ဒီတိုင်းဆက်ထားမယ်ဆိုပါက ကြာလာရင် ပိုပြီးဆိုးရွားလာနိုင်ပါတယ်။ ဘာလို့ ပိုဆိုးလာနိုင်တာလဲ ဆိုတော့ မြန်မာနိုင်ငံမှာက လူမျိုးရေး၊ ဘာသာရေး ကိစ္စက ဆူလွယ် နပ်လွယ် ကိစ္စပါ။ ဒီလို ဆူလွယ် နပ်လွယ်ကိစ္စကို စစ်တပ်ဘက်ကရော မသိနားမလည်သူတွေဘက်ကပါ သွေးထိုးပေးနိုင်ပါတယ်။ ဒီလိုနဲ့ မလိုလားအပ်တဲ့ လူမျိုးရေး ပဋိပက္ခအဆင့်အထိ ဦးတည်သွားနိုင်ပါတယ်။ ပြီးတော့ ဒီကာလက စစ်ဘောင်ကျယ်နေတဲ့ ကာလ၊ (ကြိုက်ကြိုက် မကြိုက်ကြိုက်) လက်နက်ကိုင်ထားသူတွေမှာ တခုခုဆို လက်နက်ရှိတယ် ဆိုတဲ့ စိတ်အခံလေးက ရှိတတ်ကြတယ်၊ ပြဿနာတခုခုကို ဖြေရှင်းမယ်ဆိုရင် အရင်ဦးဆုံးက လက်နက်ကိုင်ပြီး ဖြေရှင်းဖို့ စဉ်းစားတတ်ကြပါတယ်။ ဖြစ်တတ်တဲ့ သဘာဝတွေပါ။ နောက်တချက်က ခုချိန်မှာ စစ်အာဏာရှင် အမြစ်မပြတ်သေးပါဘူး။ လမ်းတဝက်ပဲ ရှိပါသေးတယ်။ ဒီလိုအချိန်မှာ ဦးတည်ရာ ပျောက်လို့ မဖြစ်ပါဘူး။ အိမ်က မီးအကြီးအကျယ်လောင်နေတယ်၊ မီးကို ဝိုင်းငြှိမ်းရမယ့်အစား အချင်းချင်း ရန်ဖြစ်နေကြမယ်ဆိုရင် ဘယ်လိုဖြစ်မလဲဆိုတာ သတိပြုစေချင်ပါတယ်။
TNLA အပါအဝင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဟာ ၁၀၂၇ စကတည်းက ကြေညာချက်ထဲမှာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးဆိုတာကို ဖော်ပြလေ့ရှိပါတယ်။ ထိုနည်းတူ သူ့ရဲ့ တဖွဲ့ချင်း သဘောထားအရ ဆိုရင်လည်း ပြည်သူလူထုကို အလေးထားတဲ့အကြောင်း၊ လူထုလုံခြုံရေးကို ဂရုထားတဲ့အကြောင်း စသဖြင့် မကြာခဏဆိုသလို ထုတ်ဖော်ပြောဆိုခဲ့တာပါ။ ဒါကြောင့် ပြည်သူတွေကို တကယ် ရှေ့တန်းတင်တယ်ဆိုရင် အခုလို ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့၊ ထပ်မဖြစ်လာဖို့ လက်တွေ့ညှိနှိုင်း လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ရလဒ်သက်သေတွေကို ပြည်သူတွေကို လက်တွေ့ ပြသရမှာပါ။
စာရေးသူဟာ သမိုင်းပညာရှင် မဟုတ်ပါ။ ဒါကြောင့် အငြင်းပွားနေတဲ့ တချို့နယ်မြေတွေဟာ ဘယ်သူ ပိုင်တယ် ဆိုတာမျိုးလည်း ယတိပြတ်မပြောနိုင်ပါ။ ဒါပေမဲ့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ဘယ်နယ်မြေမှာမဆို တိုင်းရင်းသားပေါင်းစုံ၊လူမျိုး ပေါင်းစုံနေထိုင်ကြတာ ဖြစ်ပါတယ်။ အရောက်အပေါက် နည်းလှပါပြီ ဆိုတဲ့ ဝ တို့၊ လောက်ကိုင်တို့ကိုတောင် အခုဆို မြေပြန့်က အညာသားတွေ နေထိုင် လုပ်ကိုင်နေကြတာပဲ မဟုတ်လား။ ပြီးတော့ သမိုင်းဆိုတာ လိုသလို အနက်ပြန်ကြတာတွေလည်း ရှိတတ်ကြပါတယ်။ မြန်မာနိုင်ငံလို သမိုင်းသုတေသန အားမကောင်းတဲ့ တိုင်းပြည်မှာ ဓားထမ်း တုတ်ထမ်း ငြင်းခုံရမယ့် သမိုင်းတွေက မနည်းမနော ရှိကြမှာပါ။
လတ်တလောကာလမှာ ပြဿနာတွေ ထပ်မဖြစ်ဖို့အတွက် နှစ်ဖက် ခေါင်းဆောင်တွေအနေနဲ့ အမြော်အမြင်ရှိရှိ ဆောင်ရွက်ကြဖို့ လိုပါတယ်။ လူမျိုးရေးတွေ ပါလာရင် ပြဿနာက ပိုပြီး ကြီးထွားလာမှာ ဖြစ်သလို တော်လှန်ရေးက ပိုလို့တောင် ဝေးသွားနိုင်ပါတယ်။
ဒါကြောင့် နှစ်ဖက်ခေါင်းဆောင်တွေအနေနဲ့ မိမိတို့အကြား ချုပ်ဆိုထားတဲ့ မဟာမိတ် စာချုပ်တွေ၊ နိုင်ငံတကာ ဥပဒေစာချုပ်တွေ၊ ဒေသခံပြည်သူတွေရဲ့ သဘောထားက အဓိကကျတယ်ဆိုတဲ့ သဘောတရားတွေ၊ တော်လှန်ရေးရဲ့ ရည်ရွယ်ချက်တွေကို မပျောက်မပျက် လက်ကိုင်ထားပြီး အမြော်အမြင်ရှိရှိ ဆောင်ရွက်ကြပါလို့ တိုက်တွန်းချင်ပါတယ်။
မြန်မာပြည်သူတွေဟာ စစ်ပွဲတွေ ထပ်မလိုချင်တော့ပါဘူး။ ပြည်တွင်းစစ် သမိုင်း ဆိုတာကို ထပ်ပြီး ဆွဲမဆန့်ချင်တေ့ာပါဘူး။ စစ်ခွေးတွေကိုသာ မဖြစ်နိုင်တဲ့ အဆုံးမို့ လက်နက်ကိုင်ခဲ့ကြရတာပါ။
တော်လှန်ရေးကို ထပ်ပြီး အဓွန့်မရှည်ချင်တော့ပါဘူး။ ဘယ်လူမျိုး၊ ဘယ်တိုင်းရင်းသားမဆို ငတ်ပြတ် စုတ်ပြတ်လှပါပြီ။