
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ထဲကို စစ်ကောင်စီက သာလွန်အင်အားနဲ့ စစ်ကြောင်းထိုး သွားလာနေပြီး အရပ်သား လူနေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ဝင်ရောက် တပ်စွဲထားတယ်လို့ အရပ်သားပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
စစ်ကောင်စီက ဧပြီ ၁၉ ရက်လောက်မှာစပြီး ဇဝဲကျေးရွာကနေ ပြည်ထောင်စုလမ်းပိုင်း တလျှောက်ရှိ ဘန်းလမွတ်၊ ရမ်းဖို၊ ညောင်ပင်ကုန်း၊ ပနပ်ငယ်ရွာတွေအပြင် ထုံခါး-မောတောင် ကားလမ်းပိုင်းက သိန်ခွန်း၊ ရေဖြူ၊ ချောင်းနှစ်ပေါက်ကျေးရွာတွေကို အင်အားထပ်တိုးပြီး စစ်ကြောင်းထိုး လှုပ်ရှားလာတယ်လို့ ပြောပါတယ်။
ကျေးရွာတွေထဲကို ရောက်နေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အရပ်သားလူနေအိမ်နဲ့ ဘုန်းကြီးကျောင်းတွေဟာ ဝင်ရောက်တပ်စွဲထားပြီး လမ်းတလျှောက်မှာလည်း ကင်းချသွားလာ လှုပ်ရှားနေကြတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
“စစ်ကြောင်းက ဇဝဲကနေ သိန်ခွန်းအထိ နေရာတိုင်းမှာ ရှိနေပြီး အင်အားထပ်တိုးထားတယ်။ ရွာတွေထဲမှာ နေကြတယ်။ လူသစ်နဲ့ ပျူစောထီးတွေလည်း များတယ်။ စစ်ရေးက တင်းမာနေတဲ့ အနေအထား ဖြစ်နေတယ်ဗျာ။”
လူနေအိမ်တွေနဲ့ လမ်းတွေမှာ သွားလာလှုပ်ရှားသွားလာနေတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့ကနေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နေသလို စစ်ကောင်စီဘက်ကလည်း ဒရုန်းတွေနဲ့ ပြန်လည် ဗုံးသီးချ တိုက်ခိုက်နေတယ်လို့ တနင်္သာရီပကဇုန် ၅ တောဗုံးကြီးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က ပြောပါတယ်။
“ကျနော်တို့ ဒရုန်းနဲ့ သွားကြဲရင် ဒီကောင်တွေက ကျနော်တို့ ရှိနိင်တဲ့နေရာတွေကို ဒရုန်းနဲ့ ချက်ချင်းပဲ ပြန်ကြဲတာပါ။ အခုက ဇဝဲနဲ့ ရမ်းဖိုမှာတောင် အင်အားက ၂၀၀ လောက်ရှိနေတယ်။ တခုခုတော့ ထူးခြားလာတော့မယ်။”
ဧပြီ ၂၁ ရက်က ရမ်းဖိုကျေးရွာ ဘုန်းကြီးကျောင်းထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီး ဧပြီ ၂၂ ရက် မနက်ပိုင်းမှာက ဘန်းလမွတ်ရွာထဲက လမ်းမပေါ်ရှိ သွားလာနေတဲ့ စစ်ကောင်စီတပ်သားတွေကို တောဗုံးကြီးအဖွဲ့ကနေ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
တနင်္သာရီမြို့နယ်ထဲက ထုံခါး-မောတောင် ပြည်ထောင်စုကားလမ်းမပေါ်မှာ နှစ်ဖက် တိုက်ပွဲဖြစ်နေတာ ၄ လနီးပါးကြာနေပြီး သိန်ခွန်းအုပ်စုက ဒေသခံပြည်သူတွေ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်လို့ စစ်ဘေးရှောင်ကူညီပေးနေသူတွေဆီက သိရပါတယ်။