
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ပေါ်က စီးပွားရေးလုပ်ငန်းရှင်တွေ အပါအဝင် အရပ်သား ၁၁ ယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တော်လှန်ရေးအင်အားစုတွေကို ထောက်ပံ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဧပြီ ၁၉ ရက်ကနေ ၂၁ ရက်အထိ ငါးသိုင်းချောင်းမြို့က နာမည်ကြီး ပွဲရုံတခုဖြစ်တဲ့ ရွှေပြည်အေးပွဲရုံ လုပ်ငန်းရှင်တွေ အပါအဝင် စီးပွားရေးလုပ်ငန်းရှင် ၉ ယောက်နဲ့ ဆိုင်ကယ် ကယ်ရီသမား ၂ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ငါးသိုင်းချောင်းမြို့ခံ လုပ်ငန်းရှင်က “အဖမ်းခံရတဲ့ အားလုံးက ငါးသိုင်းချောင်းမြို့ပေါ်ကပါ။ ၁၉ ရက်က ၂ ယောက်။ ၂၀ ရက်က ၇ ယောက်နဲ့ မနေ့ ၂၁ ရက်က ၂ ယောက် အဖမ်းခံရတာ။ ထောက်ပို့စွပ်စွဲချက်နဲ့ ဖမ်းတာ။ ဘာလုပ်ဖို့ ရည်ရွယ်ချက်နဲ့ ဖမ်းတာလဲတော့ မသိသေးဘူး” လို့ ပြောပါတယ်။
ဧပြီ ၂၂ ရက် မွန်းလွဲပိုင်းအထိ ငါးသိုင်းချောင်းမြို့က ဖမ်းဆီးသွားတဲ့ လုပ်ငန်းရှင်တွေကို ရေကြည်မြို့နယ်ရဲစခန်းမှာပဲ ထိန်းသိမ်းထားတယ်လို့ သိရပြီး မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရသေးပါဘူး။
ရေကြည်မြို့နယ်ရဲစခန်းနဲ့ နီးစပ်သူက “ဆိုင်ကယ် ကယ်ရီသမားတွေ အဖမ်းခံရတာကတော့ ကုန်စည်တွေကို PDF တွေဆီ သယ်ယူပေးတာကြောင့် ဖမ်းတာလို့ သိရတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေကတော့ ကုန်စည်တွေကို ရခိုင်ဘက်တင်ပို့တာကြောင့်ဆိုပြီး ဖမ်းတာပါ။ အသေးစိတ် စစ်ဆေးနေတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ရဲက ဖမ်းထားတဲ့ စီးပွားလုပ်ငန်းရှင် အများစုဟာ ပုံမှန်စီးပွားရေးလုပ်ငန်းနဲ့ လုပ်ကိုင်လည်ပတ်နေသူတွေဖြစ်ပြီး အခုလို အရပ်သား လုပ်ငန်းရှင်တွေကို ဖမ်းဆီးတာဟာ ငွေညှစ်ဖို့လုပ်တာ ဖြစ်တယ်လို့ လုပ်ငန်းရှင်တွေက သုံးသပ်နေပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်က ငါးသိုင်းချောင်းမြို့က စက်သုံးဆီ ရောင်းဝယ်ရေး လုပ်ငန်းရှင် ၃ ယောက်ကို စစ်ကောင်စီတပ်က PDF ထောက်ပို့လို့ စွပ်စွဲကာ ဖမ်းဆီးခဲ့ပြီး တယောက် ကျပ်သိန်း ၅၀၀ တောင်းကာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။