
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသမှာ စစ်ကောင်စီတပ်နဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) တို့ ဧပြီ ၂၁ရက်မှာ တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဧပြီ ၂၁ ရက် နေ့လယ် ၁၂ နာရီခွဲကစပြီး ညနေ ၅ နာရီခွဲအထိ တိုက်ပွဲတွေ ပြင်းထန်တဲ့အပြင် နှစ်ဘက် အထိအခိုက်အကျအဆုံးတွေရှိတယ်လို့ ဆိုပါတယ်။
DPLA ပြန်ကြားရေး တာဝန်ရှိသူက "အရင်ရက်တွေကတော့ လက်နက်ကြီးထုတာတွေရှိတယ်။ ခုလို အပြင်းအထန်တော့မဖြစ်ဘူး။ နှစ်ဖက်လုံးအထိအခိုက်ရှိတယ်။ အတိအကျတော့မသိရသေးတာ"လို့ ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေချိန်အတွင်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၃ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ကျောက်ဂူဒေသကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိနေပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကိုလည်း ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် ဇန်နဝါရီကစပြီး ဧပြီအထိ စစ်ကောင်စီတပ်နဲ့ DPLA တို့ကြား ထိတွေ့တိုက်ပွဲပေါင်း ၆၇ ကြိမ်အထိရှိနေပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးတာတွေရှိသလို DPLA က ရဲဘော်တချို့လည်း ကျဆုံးခဲ့ရပါတယ်။
၂၀၂၄ ခုနှစ် သြဂုတ်လကစပြီး ခုလက်ရှိအချိန်အထိ ကျောက်ဂူဒေသမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေကာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ပြည်သူလူထုရဲ့ နေအိမ်တွေလည်း ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။