
၂၀၂၅ ခုနှစ်အတွက် ၁၆ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုမှုအဖြစ် မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတယောက်ဖြစ်တဲ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်ကို ရွေးချယ်ချီးမြှင့်လိုက်တယ်လို့ ထုတ်ပြန်ပါတယ်။
ပြည်သူ့ဂုဏ်ရည်အသင်းကိုတော့ အမေရိကန်ပြည်ထောင်စုမှာ ရှိကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံတကာမှာ ရောက်နေကြတဲ့ တခြား မြန်မာပြည်ဖွား တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး မြန်မာပြည်မှာ အများအကျိုးအတွက် ကိုယ်ကျိုးစွန့်ပြီး စွမ်းစွမ်းတမံ ဆောင်ရွက်နေကြသူတွေကို နှစ်စဉ် ရွေးချယ်ပြီး ပြည်သူ့ဂုဏ်ရည်ဆုကို ချီးမြှင့်နေတာပါ။
ဒီဆုကိုတော့ ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်ကစလို့ ရွေးချယ်လာခဲ့တာ ဖြစ်တာကြောင့် အခုနှစ်မှာ ၁၆ ကြိမ်မြောက်ရှိသွားပြီဖြစ်ကာ ဂုဏ်ပြုပွဲ အခမ်းအနားကိုတော့ အမေရိကန်ပြည်ထောင်စု တက္ကဆက်ဌာနခွဲ (ဟူစတန်မြို့)မှာ လာမယ့် မေ ၂၄ ရက်မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းကာလတွေအတွင်း ရွေးချယ်ချီးမြှင့်တဲ့ ပြည်သူ့ဂုဏ်ရည်ဆုတွေကိုတော့ ၂၀၂၂ ခုနှစ် ၁၃ ကြိမ်မြောက်ဆုမှာ စစ်အာဏာရှင် မင်းအောင်လှိုင် လက်ကိုင်တုတ် ဖက်ဆစ်တပ်တွေကို လူထုရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပြီးတော့ ခုခံ၊ ကာကွယ်၊ တွန်းလှန်နေကြတဲ့ “ပြည်သူ့ ကာကွယ်ရေး စစ်သည်တော်များ (PDF)” ကို ရွေး ချယ်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ်အတွက်ဆုကိုတော့ စစ်အာဏာသိမ်းမှုကို အာခံ၊ ဆန့်ကျင်ခဲ့ပြီး ပြည်သူနဲ့အတူ တသားတည်း ရပ်တည်ခဲ့သူ၊ ဖက်ဆစ်တပ် ဖိနှိပ်မှုတွေအောက်ကနေ မြန်မာပြည်သူတွေရဲ့ အသံကို ကုလသမဂ္ဂ စင်မြင့်မှာ ရဲရဲဝံ့ဝံ့ တင်ပြပြောဆိုခဲ့သူ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ရွေးချယ် ဂုဏ်ပြုချီးမြှင့်ခဲ့တာပါ။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွက်ကိုတော့ “နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ လူငယ်တွေရဲ့ တီထွင်ဖန်တီးမှုနဲ့ ထုတ်လုပ်မှုတွေကို ရွေးချယ်ချီးမြှင့်ခဲ့တာကို တွေ့ရပါတယ်။
ပထမဆုံးသော ပြည်သူ့ဂုဏ်ရည်ဆုကိုတော့ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ က ရရှိခဲ့သလို ဒီဆုကို မြန်မာပြည်မှာ အများအကျိုးအတွက် ကိုယ်ကျိုးစွန့်ပြီး စွမ်းစွမ်းတမံ ဆောင်ရွက်နေကြသူတွေ ဖြစ်တဲ့ ဒေါ်သန်းမြင့်အောင်၊ ဒေါက်တာ သန်းမင်းထွဋ်၊ မွတ်ဆလင် ကုသိုလ်ဖြစ်ဆေးရုံ(ဘားလမ်း)၊ ဖောင်တော်ဦး ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတို့လည်း ရရှိဖူးပါတယ်။