
မန္တလေးတိုင်းမှာ အင်အားပြင်းငလျင်လှုပ်ခတ်မှုအပြီး လျှပ်စစ်မီး ပြတ်တောက်နေတာကြောင့် ချက်ပြုတ်ရာမှာ မီးသွေးအသုံးပြုလာသူတွေ ပိုများလာပြီး မီးသွေးဈေး မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ် ၂၈ ရက်က အင်အားပြင်းငလျင် လှုပ်ခတ်မှုအပြီး မန္တလေးတိုင်းမှာ လက်ရှိ ဧပြီ ၂၁ ရက်အထိ တချို့ဒေသတွေမှာ လုံးဝ လျှပ်စစ်မီး ပြတ်တောက်နေတာနဲ့ မကြာခဏ မီးပြတ်တောက်တာတွေ ဖြစ်ပေါ်နေတာကြောင့် ဒေသခံတွေနဲ့ လုပ်ငန်းရှင်တွေ ချက်ပြုတ်ရေးအတွက် မီးသွေးတွေကို အားထားအသုံးပြုနေရတယ်လို့ ဆိုပါတယ်။
မန္တလေးမြို့ခံတယောက်က “ငလျင်လှုပ်ပြီး လျှပ်စစ်မီးက ပိုဆိုးသွားတာ။ လျှပ်စစ်မီးမရတော့ ထမင်း၊ ဟင်း ချက်ပြုတ်ရာမှာ မီးသွေးကိုပဲ အားထားပြီး ချက်ပြုတ်နေရတယ်။ မီးသွေးကလည်း ဈေးဆိုင်တိုင်းမှာ အလွယ်တကူ ဝယ်လို့မရဘူး။ ကြိုတင်မှာထားရတယ်။ မီးသွေးဈေးကလည်း မြင့်တက်နေတယ်” လို့ ပြောပါတယ်။
မန္တလေးတိုင်းမှာ ငလျင်မလှုပ်ခတ်မီအချိန်က မီးသွေးတအိတ်ကို ကျပ် ၁၇,၀၀၀ သာရှိခဲ့ပြီး လက်ရှိ မီးသွေးတအိတ်ကို ကျပ် ၂၅,၀၀၀ ကနေ ၃၅,၀၀၀ အထိ ဈေးတက်နေကာ မီးသွေး အမျိုးအစားပေါ် မူတည်ပြီး ဈေးအနည်းငယ်ကွာဟမှုတော့ ရှိတယ်လို့ သိရပါတယ်။
မန္တလေးမြို့ခံတယောက်က “ငလျင်မလှုပ်ခင်ကတည်းက တိုက်ပွဲတွေကြောင့် မီးသွေးက လိုသလောက်မရတာ။ တောထဲမှာ သွားပြီး မီးသွေးဖုတ်တဲ့သူတွေ မရှိတော့တာကြောင့်ပေါ့။ ငလျင်လှုပ်ပြီးတော့ လက်ကျန်တွေပဲ ရောင်းနေရတာ။ မီးသွေးက မှာလို့မရတဲ့အထိ ဖြစ်နေတယ်။ အဆက်အသွယ် ပြတ်တောက်နေတာ” လို့ ပြောပါတယ်။
မန္တလေးတိုင်းမှာ အခုလို လျှပ်စစ်မီး ရက်ရှည်ပြတ်တောက်တာနဲ့ မီးပုံမှန်မရတဲ့ အခြေအနေကြောင့် ထမင်း၊ ဟင်း ချက်ပြုတ်ရာနဲ့ လျှပ်စစ်မီး အသုံးပြုလုပ်ကိုင်နေတဲ့ တနိုင်တပိုင် စီးပွားရေးလုပ်ငန်းရှင်တွေပါ ထိခိုက်ကာ အခက်အခဲ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။